ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ မရှင်းလင်းတာတွေ ကျွန်တော်တို့ ရှင်းပြနိုင်ခဲ့တယ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ မရှင်းလင်းတာတွေ ကျွန်တော်တို့ ရှင်းပြနိုင်ခဲ့တယ်

KNU မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတာဒိုမူး

ချင်းမိုင်၊ဖေဖော်ဝါရီလ ၁၆ ။         ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် လက်မှတ်မထိုးသေးသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ ငြိမ်းချမ်းရေး အဖြေရှာနိုင်ရန်အတွက် အကောင်းဆုံး အတူတကွ ကြိုးပမ်းလုပ်ဆောင်သွားကြရန် ယနေ့ သဘောတူညီလိုက်သည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူးစေးဖူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် KIO ဘက်မှ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော ဗဟိုကော်မတီတို့နှင့် ဌာနချုပ် လိုင်ဇာမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လက်ရှိ ငြိမ်းချမ်းရေး အခြေအနေနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူညီချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ KNU မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတာဒိုမူးအား ဆက်သွယ်မေးမြန်းခဲ့သည်။

 မေး။ ။ ဒီနေ့ ဘယ်အချိန်လောက်မှာ နှစ်ဖက် တွေ့ဆုံကြတာလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဒီနေ့ နေ့လည် ၁၂ နာရီ ၁ နာရီလောက်မှာပဲ တွေ့တာ။ အစည်းအဝေးပြီးတာနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါပဲ။

 မေး။ ။ ဘာကြောင့် အခုလို ကေအိုင်အိုအဖွဲ့နဲ့ သွားရောက် တွေ့ဆုံဆွေးနွေးရတာလဲ။

ဖြေ။ ။ ပထမတစ်ချက်က ကျွန်တော်တို့ KNU ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့တဲ့ အတွေ့ အကြုံတွေကို လာပြီးတော့ ဖလှယ်စေချင်လို့ လာရတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အားလုံး ပါဝင်ဖို့ လိုတာကိုး။ အားလုံးပါဝင်ဖို့ လိုပေမဲ့လည်း မပါဝင်တဲ့အပိုင်းတွေမှာ ဘယ်လို အခက်အခဲတွေ ရှိသလဲ။ ဘယ်လို အခြေခံ အကြောင်းတရားတွေ ရှိတယ်ဆိုတာကိုလည်း ရှာဖွေတာလည်း ပါတာပေါ့။ သူတို့ပြောတာကို နားထောင်ဖို့ ကျွန်တော်တို့ကလည်း လုပ်ငန်းစဉ်က အောင်အောင်မြင်မြင် ဖြစ်ဖို့ဆိုတာ အားလုံးမှာ တာဝန်ရှိကြတယ်လေ။ အဲဒါကြောင့် ဝိုင်းလုပ်တာလည်း ပါတာပေါ့နော်။

 မေး။ ။ ကေအန်ယူ နဲ့ ကေအိုင်အိုတို့ နှစ်ဖက် တွေ့ဆုံမှုမှာ ဘာတွေ အဓိကထားဆွေးနွေးခဲ့ကြလဲရှင်။

ဖြေ။ ။ အဓိကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အထူးသဖြင့် ရှေ့သွားမဲ့လုပ်ငန်းစဉ်တွေမှာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ ဝေငှတယ်။ သူတို့မှာလည်း ဘယ်လိုပုံစံမျိုးနဲ့ ဘာကြောင့် လက်မှတ် မထိုးနိုင်ရသလဲဆိုတဲ့ အကြောင်းအရင်းတွေ ကျွန်တော်တို့ကို ရှင်းပြတာပေါ့နော်။ အဲဒါတွေ အပြန်အလှန် ဆွေးနွေးပြီးတော့ သူ့အမြင်ကိုယ့်အမြင် ဖလှယ်တာပေါ့။

 မေး။ ။ KIO ဘက်က ဘာတွေ ဆွေးနွေးခဲ့လဲ။

ဖြေ။ ။ သူတို့ ရှင်းပြတာကတော့ ပထမတစ်ချက်က လက်မှတ်ထိုးပြီးလို့ ရှိရင် အစိုးရကနေ အပစ်အခတ် ရပ်စဲကြောင်း ကြေညာရမယ်။ နောက်တစ်ချက်က သူတို့ DPN ကနေတဆင့် ပေးပို့ထားတဲ့ အချက် ၉ ချက်နဲ့ ပတ်သက်လို့ ဆွေးနွေးလို့ အိုကေတယ်ဆိုရင်တော့ ဆက်သွားမယ်ဆိုတဲ့ ပုံစံမျိုး သူတို့ ပြောပါတယ်။

 မေး။ ။ နောက်ရက်တွေ တခြား AA တို့လို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ ရှိလား။

ဖြေ။ ။ မရှိဘူး။ သူတို့ အလုပ်တွေ များနေတယ်လို့ ကြားတယ်လေ။ အဓိကတော့ ကေအိုင်အိုနဲ့ တွေ့ဖို့ပါပဲ။

 မေး။ ။ ဒီဆွေးနွေးမှုနဲ့ ပတ်သက်လို့ ထပ်ဖြည့်ပြောချင်တာ ရှိသေးလား။

ဖြေ။ ။ အဓိက ပြောချင်တာကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေက မတူညီကြတဲ့ အခြေအနေနဲ့ မတူညီကြတဲ့နေရာနဲ့ ပြည်နယ်သားတွေမှာ မတူကြတဲ့အခါကြတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လက်မှတ်ထိုးသည်ဖြစ်စေ။ မထိုးသည်ဖြစ်စေ ကျွန်တော်တို့ အမြင်တွေဖလှယ်ကြဖို့ လိုတယ်ပေါ့နော်။ အားလုံးက နိုင်ငံတော်တစ်ခုလုံးရဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြတဲ့အခါကြတော့ ဒီလို တွေ့ဆုံမှုက အင်မတန် အရေးကြီးသလို နောင်လည်း တွေ့ဆုံသွားကြဖို့ လိုအပ်တယ်။ ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုပြီး ခိုင်မာအောင်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ မရှင်းလင်းတာတွေကို ကျွန်တော်တို့ဘက်က အဓိက ရှင်းနိုင်အောင် ဒါတွေ အဓိကပါပဲ။

 မေး။ ။ ဒီနေ့လို ကေအိုင်အိုအဖွဲ့နဲ့ ကေအန်ယူ ဥက္ကဋ္ဌတို့ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှု ရလဒ်က ဘာတွေ ရရှိခဲ့လဲရှင်။

ဖြေ။ ။ ရလဒ်ကတော့ ကျွန်တော်တို့ သူတို့နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖော်ထုတ်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ မရှင်းလင်းတာတွေ ကျွန်တော်တို့ ရှင်းပြနိုင်ခဲ့တယ်။ ဒါတွေကတော့ အကျိုးရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly