မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေး တစ်ကိုယ်တော်ဆန္ဒပြ

မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေး တစ်ကိုယ်တော်ဆန္ဒပြ

ဖေဖော်ဝါရီလ ၁၆ ။              ။ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က မဟာဗန္ဓုလပန်းခြံရှေ့တွင် မသန်စွမ်းတစ်ဦးမှ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့သည်။

မသန်စွမ်းသူများကို အစိုးရရုံးများတွင် အလုပ်အကိုင်ရရှိရန် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး မသန်စွမ်းသူများကို ခွဲခြားဆက်ဆံမှုများ မရှိစေရန်လည်း တောင်းဆိုခဲ့သည်။

"အစိုးရနဲ့ပတ်သတ်တဲ့ စက်ရုံတွေ ၊ စာသင်ကျောင်းတွေမှာ သန့်ရှင်းရေးတို့ အစောင့်တို့ အဲ့ဒါမျိုးလေးတွေ ခန့်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် ၊  သမ္မတကြီး ဦးထင်ကျော်နဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ သိစေချင်လို့ ခုလို ဆန္ဒထုတ်ဖော်တာပါ" ဟု ဆန္ဒထုတ်ဖော်သူ ဦးသန်းဦးက ပြောသည် ။
 

မြန်မာနိုင်ငံတွင်ရှိသည့် မသန်စွန်းသူများကို အလုပ်အကိုင် အခွင့်အလမ်းများအပြင် ပညာရေး ၊  လူမှုရေး စသည်များကို ခွဲခြားဆက်ဆံမှုများ မရှိစေရေးအတွက် အကောင်ထည်ဖော် ဆောင်ရွက်နိုင်မည့် နည်းဥပဒေကို အတည်ပြုပြဌာန်းနိုင်ရန် မသန်စွမ်းအဖွဲ့ချုပ်အနေဖြင့် ကြိုးစားဆောင်ရွက်နေကြောင်းသိရသည်။ မသန်စွမ်းသူများဆိုင်ရာအခွင့်အရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သော်လည်း နည်းဥပဒေ မထွက်သေးပေ။

“နည်းဥပဒေ ရှိခဲ့မယ်ဆိုရင်တော့ မသန်စွမ်းသူများဥပဒေပါ ပြဌာန်းချက်တွေ ကာကွယ်စောင့်ရှောက်မှုတွေကို အပြည့်အဝ ခံစားနိုင်ဖို့ အထောက်ကူပြုမှာ ဖြစ်ပါတယ်” ဟု မသန်စွမ်းသူများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့် ကပြောသည်။

မသန်စွမ်းများအနေဖြင့် နိုင်ငံသားတိုင်း ခံစားခွင့်ရရှိသည့် လူ့အခွင့်အရေး အခြေခံလွတ်လပ်ခွင့်များကို တန်းတူညီမျှရရှိစေရေးအပါအဝင် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် နယ်ပယ်များတွင် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်စေရန် ဥပဒေအရ ကာကွယ်ပေးရန် အစိုးရထံတောင်းဆိုထားသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly