ပြည်တွင်းစစ်ရပ်စဲရေး မသန်စွမ်းသူများက မြစ်ကြီးနားမှ နေပြည်တော်ထိ လှုပ်ရှားမှု ပြုလုပ်နေ

ပြည်တွင်းစစ်ရပ်စဲရေး မသန်စွမ်းသူများက မြစ်ကြီးနားမှ နေပြည်တော်ထိ လှုပ်ရှားမှု ပြုလုပ်နေ
ဓာတ်ပုံ- Hkun Aung Nlam FB

ချင်းမိုင်၊ဖေဖော်ဝါရီလ ၁၆  ။              ။ ပြည်တွင်းစစ်ကြီး အဆုံးသတ်ရပ်စဲစေရန် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ အမြင်အာရုံချို့တဲ့သူများ စုပေါင်း၍ ငြိမ်းချမ်းရေး “Wheel Chair ရထား” လှုပ်ရှားမှု ခရီးစဉ် ဒုတိယနေ့တွင် မိုးညှင်းမြို့တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေး “Wheel Chair ရထား” တာထွက်အစီအစဉ်ကို မသန်စွမ်းသူများနှင့် အမြင်အာရုံချို့တဲ့ သူများ၏ ငြိမ်းချမ်းရေးခရီးရှည်လမ်းလျှောက်ခြင်း ခရီးစဉ်ကို ဖေဖော်ဝါရီလ ၁၅ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များအဖွဲ့မှ ကြီးမှူး၍ မသန်စွမ်းသူများ၊ အမြင်အာရုံချို့တဲ့သူများ၊ အုပ်ချုပ်စီမံသူများ၊ ကူညီပံ့ပိုးသူများနှင့် ငြိမ်းချမ်းရေးမြတ်နိုးသူ အနုပညာရှင် ၃၀ ဦး ပါဝင်ကာ လှုပ်ရှားမှုခရီးစဉ်၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရန်ကုန်မျက်မမြင်ကျောင်းမှ ဒုတိယကျောင်းအုပ် ဒေါ်မြသီတာလွင်က ပြောသည်။

“ကျွန်မတို့က မြန်မာပြည်မှာ ပြည်တွင်းစစ်က အရမ်းကြာနေပြီ။ ငြိမ်းချမ်းစေချင်တယ်။ အားလုံးကို လက်နက်နဲ့ ဖြေရှင်းတာ မဟုတ်ဘဲ၊ စားပွဲဝိုင်းမှာပဲ ဖြေရှင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ စစ်ရှောင် ဒုက္ခသည်တွေနဲ့ ကျွန်မတို့ဟာ ထပ်တူထပ်မျှ ရှိတယ်ဆိုတာ ဖော်ပြချင်လို့ပါ။ နောက်တစ်ခုက ပြည်သူလူထုအားလုံးက ကိုယ်က ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် ကိုယ့်ရဲ့ နှုတ်ကပဲ ငြိမ်းချမ်းခြင်းကို လိုပါတယ်ဆိုတာကို လူတိုင်းက ထုတ်ဖော်ပြောဖို့ လိုပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ငြိမ်းချမ်းရေး လှုပ်ရှားမှု ခရီးစဉ်၏ ဆောင်းပုဒ်မှာ “ဒို့ လိုချင်တဲ့ ငြိမ်းချမ်းရေး နုတ်က ဖွင့်ဟပြောကြားပေး” ဟူ၍ ဖြစ်သည်ဟု သူက ပြောသည်။

ငြိမ်းချမ်းရေးရရှိရေးရန်အတွက် အထောက်အကူ တွန်းအားတစ်ရပ်ဖြစ်ရေး၊ စစ်ရှောင် ဒုက္ခသည်များအတွက် အထောက်အကူဖြစ်ရေး၊ စစ်“ ရိုက်ခတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်း ထိခိုက်ခံစားခဲ့ရပြီး ဖိစီးမှုများမှ လွှတ်မြောက်မှုရရန်၊ အကူအညီ လိုအပ်နေသူများနှင့် ထပ်တူထပ်မျှရှိခြင်းအား ဖော်ပြနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု မြစ်ကြီးနား ခရစ်ယာန်အသင်းတော်များကောင်စီက ထုတ်ပြန်ထားသည်။

ငြိမ်းချမ်းရေး လှုပ်ရှားမှု ခရီးစဉ်ကို မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ မော်လူး/ မော်ဟန်ကျေးရွာ၊ ကသာ၊ ထီးချိုင့်၊ တကောင်း၊ သပိတ်ကျင်း၊ လက်ပံလှ၊ မန္တလေး၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ တပ်ကုန်း၊ နေပြည်တော် စသည့် မြို့ပေါင်း ၁၄ မြို့ကို ဖြတ်သန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ခရီးစဉ် ပထမနေ့တွင် မိုးကောင်းမြို့တွင် ရပ်နားခဲ့ပြီး ယနေ့တွင် တတိယမြို့ ဖြစ်သော မိုးညှင်းမြို့တွင် ရပ်နားမည် ဖြစ်ပြီး ညနေ ၇ နာရီအချိန်တွင် ငြိမ်းချမ်းရေး တေးသီချင်းများ သီဆိုဖျော်ဖြေမည် ဖြစ်ကြောင်း သူက ပြောသည်။

ခရီးစဉ်တလျှောက် မြို့ခံ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီပေးနေပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေသဖြင့် မည်သည့် အခက်အခဲမှ မရှိသေးကြောင်း သူက ပြောသည်။

ယမန်နေ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ဝတ်ပြုဆုတောင်းခြင်း ပြုလုပ်၍ စတင်ထွက်ခွာခဲ့ရာ မြစ်ကြီးနားမြို့မှအထွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)ရှေ့တွင် စာမေးပွဲ ရှိသည်ဟု ဆိုကာ ဖြတ်သန်းခွင့်မရသဖြင့် တခြားလမ်းကြောင်းမှ ဖြတ်သန်းခဲ့ရသည်ဟု ဒေါ်မြသီတာလွင်က ပြောသည်။

နေ့ပိုင်း ဖြတ်သန်းမည့် မြို့များတွင် လမ်းတလျှောက်တွင် ကြိုဆိုသူများက ငြိမ်းချမ်းရေး လိုလားကြောင်း လက်မှတ်များ ရရှိခဲ့ပြီး ညပိုင်းတွင် အမြင်အာရုံချို့တဲ့သူများက  ငြိမ်းချမ်းရေး ဟောပြောခြင်း၊ ငြိမ်းချမ်းရေး တေးဂီတဖျော်ဖြေနေချိန်တွင် ပြည်သူလူထုထံမှ ပြည်တွင်းစစ် ရပ်တန့်ပေးရေး ထောက်ခံလက်မှတ်များ ရယူခဲ့သည်ဟု ဒေါ်သီတာလွင်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly