အလောင်းတော်ကဿပလမ်းပိုင်း ကတ္တရာခင်းရန် စီစဉ်မှု ဖျက်သိမ်း

အလောင်းတော်ကဿပလမ်းပိုင်း ကတ္တရာခင်းရန် စီစဉ်မှု ဖျက်သိမ်း

မုံရွာ၊ ဖေဖော်ဝါရီ ၁၆။         ။ အလောင်းတော်ကဿပလမ်းပိုင်းအား ကတ္တရာလမ်းခင်းရန်စီစဉ်ထားမှုအား ဖျက်သိမ်းလိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနမှ သိရသည်။

အာဆီယံအမွေအနှစ်အဖြစ် သတ်မှတ်ထားသော အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အား ကတ္တရာလမ်းခင်းခဲ့ပါက သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သည့် အတွက် အစီအစဉ်အား ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ကတ္တရာလမ်းခင်းရင် တောရိုင်းတိရိစ္ဆာန်တွေ နေရာရွေ့ကုန်ကြမယ်။ လူတွေအမြဲလာတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမယ်။ အစိုးရအနေနဲ့လည်း နိုင်အောင် ထိန်းနိုင်မှာမဟုတ်ဘူး" ဟု ကနီမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက မဇ္ဈိမသို့ ပြောသည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း ကတ္တရာလမ်းခင်းရန်အတွက် ဂေါပကအဖွဲ့မှ စီစဉ်ထားသော်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများရှိလာနိုင်၍ တိုင်းအစိုးရမှ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

အလောင်းတော်ကဿပလမ်းပိုင်းသည် တစ်နှစ်လျှင် နွေရာသီလေးလသာ အသုံးပြုလျှက်ရှိပြီး ဒီဇင်ဘာလအတွင်း လမ်းဖွင့်ကာ မေလတွင် လမ်းပိုင်းအား ပြန်ပိတ်ခဲ့သည်။

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်သည် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလက အာဆီယံအမွေအနှစ် အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဧက သုံးသိန်းကျော် ကျယ်ဝန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly