ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ယူဆရသည့် လူ ၉ ဦးပါ၀င်သည့် စက်လှေဖမ်းဆီးရမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ယူဆရသည့် လူ ၉ ဦးပါ၀င်သည့် စက်လှေဖမ်းဆီးရမိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

ဖေဖော်ဝါရီ ၁၅၊  ။              ။ မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိလာသည့် တရားမဝင် ငါးဖမ်းစက်လှေတစ်စီးအား ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ယူဆရသည့် လူ ၉ ဦး ပါဝင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက  ထုတ်ပြန်သည်။

၎င်းစက်လှေပေါ်တွင် ငါးဖမ်းပိုက်များ၊ သေဆုံးနေသူ ၁ ဦးအား တွေ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ယူဆရသည့် လူ ၉ ဦးအား ထိန်းသိမ်းထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဂွမြို့၏ မြောက်ဘက် ၁၈ မိုင်ခန့်အကွာ၊ ဇီးကုန်းကျေးရွာကမ်းခြေနှင့် ရေမိုင် ၂ မိုင်ခန့်အကွာတွင် မသင်္ကာဖွယ်ရာ စက်လှေတစ်စီးအား သွားရောက်စစ်ဆေးခဲ့ရာ စက်လှေမှာ စက်ပျက်နေသည်ကို တွေ့ရှိပြီး လှေပေါ်တွင် ငါးဖမ်းပိုက်များ တင်ဆောင်လျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ယူဆရသည့် ၁၀ ဦးအားအနက် ၁ ဦးမှာ သေဆုံးလျက်ရှိကြောင်း တွေ့ရှိရသည်။

ဖမ်းဆီးရမိသူ ၉ ဦးအား စစ်ဆေးမေးမြန်းရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်ပြီး ကိုလ်ကတ္တားမှ ဇန်နဝါရီ ၁၃ ရက် တွင် ငါးဖမ်းစက်လှေဖြင့် ထွက်ခွာခဲ့ရာ ဇန်နဝါရီ ၂၈ ရက်တွင် စက်ပျက်၍ ပင်လယ်ပြင်တွင် မျောပါလာခဲ့ကြောင်း၊ သေဆုံးသူမှာ ဖေဖော်ဝါရီ ၁၄ ရက်တွင် အစာရေစာပြတ်၍ သေဆုံးခဲ့ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

 အဆိုပါ ဖမ်းဆီးရမိသူများအား ဂွမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး သေဆုံးသူအား ဂွမြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly