မန္တလေးမြို့တော်စည်ပင်မှ တစ်လကျော်အတွင်း အဆောက်အဦ ၂၂၂ ခုအရေးယူ

မန္တလေးမြို့တော်စည်ပင်မှ တစ်လကျော်အတွင်း အဆောက်အဦ ၂၂၂ ခုအရေးယူ
(ဓာတ်ပုံ၊MCDC)

မန္တလေး၊ဖေဖော်ဝါရီ ၁၆ ။              ။ မန္တလေးမြို့တွင် စည်းကမ်းမလိုက်နာဘဲ တည်ဆောက်နေသည့် အဆောက်အဦ ၂၂၂ ခုကို အရေးယူဒဏ်ရိုက်ရာ ဒဏ်ကြေးငွေ ၇၂၅သိန်း ရရှိခဲ့သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်၊ ဦးခိုင်မင်း(အဆောက်အအုံနှင့်ကုန်ရုံဌာန)က မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်အသစ်များ စတင်တာဝန်ထမ်းဆောင်သည့် ဇန်နဝါရီလ ၉ ရက်မှဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အဆောက်အအုံဆောက်မိန့် ၅၀၀ ထုတ်ပေးခဲ့ရာ စည်းကမ်းမလိုက်နာဘဲတည်ဆောက်နေသည့် အဆောက်အဦး ၂၂၂ခုကို ဒဏ်ငွေရိုက်အရေးယူခဲ့ခြင်းဖြစ်သည်ဟု ဦးခိုင်မင်းက ဆိုသည်။

"ခွင့်ပြုထားတာထက် တိုးဆောက်တာတွေ၊ ပိုဆောက်တာတွေကို အရေးယူခဲ့တာပါ။ မနေ့ကအထိ ၂၂၂ခုရှိပါတယ်"ဟု ဦးခိုင်မင်းက ပြောသည်။

ထိုသို့လုပ်ဆောင်ခြင်းသည် အခွန်လိုချင်၍ လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပြည်သူများအနေဖြင့် စည်းကမ်းလိုက်နာစေလိုခြင်းကြောင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဦးခိုင်မင်းက ပြောခဲ့သည်။

လက်ရှိဒဏ်ကြေးငွေကောက်ခံရာတွင် တစ်စတုရန်းပေတွင် ၂၀၀ ကျပ်သာကောက်ခံရာမှ ဧပြီလမှစတင်၍ တစ်စတုရန်းပေလျှင် ၁၅၀၀၀ ကျပ် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ခွင့်ပြုချက်မယူဘဲ တည်ဆောက်နေခြင်းများကိုလည်း စစ်ဆေး အရေးယူမှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly