YBS ၃၆ ယာဉ်နောက်လိုက်မပါဘဲ ယာဉ်စီးခထည့်ရန် Cash Box ဖြင့် စတင်

YBS ၃၆ ယာဉ်နောက်လိုက်မပါဘဲ ယာဉ်စီးခထည့်ရန် Cash Box ဖြင့် စတင်
ဓာတ်ပုံ - သူရ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၆ ။           ။ ယာဉ်နောက်လိုက်မပါဘဲ ယာဉ်စီးခထည့်ရန် Cash Box စနစ်ဖြင့် ယမန်နေ့က  စတင် ပြေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT) မှ အတွင်းရေးမှူး ဦးမောင်မောင်လွင်က မဇ္ဈိမသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြောသည်။

ယခင် မထသမှ ပိုင်ဆိုင်သော YUPT အများပိုင်ကုမ္ပဏီမှ ရွှေပေါက္ကံမှ ဆူးလေသို့ ပြေးဆွဲနေသော ၃၆ ဝါစိမ်းနီယာဉ်လိုင်းကို ယာဉ်နောက် လိုက်မပါဘဲ ယာဉ်စီးခထည့်ရန် Cash Box စနစ်ဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့ပြီး နောက်ပိုင်းတွင် ၂၄၊ ၂၈နှင့် ၅၈ စသည့် ယာဉ်လိုင်းများတွင် အဆင့်ဆင့်ပြေးဆွဲသွားရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

“ အခုလောလောဆယ်တော့ Cash Box နဲ့ပေါ့။ နောက်ပိုင်းမှာ ကဒ်စနစ်နဲ့ လုပ်သွားမှာပါ။ ယာဉ်နောက်လိုက် မပါတော့ဘူးဆိုတော့ အကြွေလဲပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးစီ ထားပေးထားပါတယ်။ နှစ်ရာတန်၊ တစ်ရာတန်တွေ လဲပေးပါတယ်။ ဝန်ထမ်းတစ်ယောက်ကို အကြွေလဲပေးဖို့အတွက် သုံးသောင်း ပေးထားတယ်။ မနေ့ကစပြီးတော့ မှတ်တိုင်တွေမှာလည်း ဆင်းပြီးတော့ လဲပေးတာပေါ့နော်။ ၇ရက်လောက်ဆိုရင် ခရီးသည်လည်း သူစီးနေကျကားကို သိပြီးဆိုရင် ကားပေါ်တက်ကတည်းက နှစ်ရာတန် ကို သူဘာသာသူ ယူလာပါလိမ့်မယ်။ ဒီလိုယူလာကြအောင်လည်း ကျွန်တော်တို့က ကြော်ငြာတွေကပ်ပြီး ဆောင်ရွက်နေပါတယ် ”ဟု ဦးမောင်မောင်လွင်က ပြောသည်။

အဆိုပါကုမ္ပဏီမှ ဇန်နဝါရီလ ၂၆ ရက်နေ့မှစတင်ကာ ဘတ်စ်ကားများကို WiFi အခမဲ့စနစ် အပါအဝင် ဘတ်စ် ကားတစ်စီးလျှင် CCTV ကင်မရာ ၅ လုံး၊ ယာဉ်စီးခ ထည့်ရန် Cash Box ၁ လုံး၊ GPS များကို အဆင့်မြှင့် တပ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိတွင် တပ်ဆင်ပြီးသည့် ယာဉ်လိုင်းများကို ယာဉ်နောက်လိုက်မပါဘဲ စတင် ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အဆင့်မြှင့် တပ်ဆင်ရာတွင် ဘတ်စ်ကားတစ်စီးကို ကျပ်ငွေ ၁၈ သိန်းခန့် ကုန်ကျပြီး Cash Box ၁ လုံးလျှင် ကျပ်ငွေ ၆ သိန်းဝန်းကျင် ကျသင့်ကာ လက်ရှိတွင် Cash Box အလုံး ၂ဝဝ ကို တရုတ်နိုင်ငံ မှ မှာယူထားကြောင်း YUPT မှ ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဇော်အောင်နိုင်က ပြောသည်။

“ ကျွန်တော်တို့ YUPT ကုမ္ပဏီကတော့ ရန်ကုန်မြို့ရဲ့ ခရီးသွားသယ်ယူပို့ဆောင်ရေးကို အဆင့်မြှင့်တင်နေပါတယ်။ အခုလက်ရှိအနေအထားမှာလည်း ရပ်မနေပါဘူး။ ဆက်လက်ပြီးတော့ ကြိုးစားပြီးလုပ်ဆောင်နေပါတယ်။ ခရီးသွားပြည်သူများကလည်း ယာဉ်စီးခလေးကိုတော့ Cash Box ထဲထည့် ပေးခြင်းဖြင့် စနစ်ကို အောင်မြင်အောင် ဝိုင်းဝန်းပံ့ပိုးပေးကြပါလို့။ ကျွန်တော်တို့ အဆင့်မြှင့်တာတွေ တောက်လျှောက်လုပ်နေပြီ။ ယာဉ်အစီးရေ လုံလောက်မှုရှိအောင်ရော။ အခုကတော့ ပထမအဆင့်ပဲရှိသေးတာပေါ့”ဟု ဒေါက်တာဇော် အောင်နိုင်က ပြောဆိုသည်။

YUPT ကုမ္ပဏီမှ အများပိုင်ယာဉ်လိုင်းစနစ်တွင်ပြေးဆွဲရန် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံမှ ဘတ်စ်ကား စီးရေ ၄၂ဝ မှာယူတင်သွင်းထားပြီး လက်ရှိတွင် ဘတ်စ်ကားစီးရေ ၂၂၅ စီးရောက်ရှိပြီးဖြစ်ကာ အဆင့်မြှင့် တပ်ဆင်မှုများ လုပ်ဆောင်နေကြောင်း YUPT ကုမ္ပဏီမှ သိရသည်။

YUPT(ရန်ကုန်မြို့ ပြအများပြည်သူသယ်ယူပို့ဆောင်ရေး )ကုမ္ပဏီမှာ ဇန်နဝါရီ ၁၆ ရက်မှ စတင်ပြောင်းလဲလိုက် သော YBS စနစ်တွင် မထသမှ ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly