မော်တော်ယာဉ်ဖြင့် ၀င်တိုက်ခံရပြီး သေဆုံးသွားသော ရဲတပ်ကြပ် စျာပန ပြုလုပ်

မော်တော်ယာဉ်ဖြင့် ၀င်တိုက်ခံရပြီး သေဆုံးသွားသော ရဲတပ်ကြပ် စျာပန ပြုလုပ်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၅ ။            ။ မြောက်ဥက္ကလာပမြို့နယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့  နံနက် ၂နာရီ၊ တာဝန်ထမ်းဆောင်နေချိန်အတွင်း နောက်မှ မော်တော်ယာဉ်ဝင်တိုက်ခံရပြီး သေဆုံးသွားသည့် ရဲတပ်ကြပ်ညီညီထွေး ဈာပနကို ယနေ့ညနေပိုင်းက ရေဝေးသုဿန်တွင် ပြုလုပ်ခဲ့သည်။

 မီးသြင်္ဂိုလ်မည့်အချိန်အား ညနေ ၄ နာရီ သတ်မှတ်ထားသော်လည်း နာရီဝက်စောပြီး ပြုလုပ်ခဲ့ပြီး ဈာပနသို့ ရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ကြကြောင်း တွေ့မြင်ရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက် ၂ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ်တွင် လှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ်ညီညီထွေးနှင့်အဖွဲ့သည် ရပ်ကွက်ပြည်သူများ၏ တိုင်ကြားမှုကြောင့် မူးယစ်အော်ဟစ်နေသည့် လူငယ်အချို့ကို သွားရောက် တားဆီးခဲ့သည်။ ယင်းသို့ တားဆီးပြီးအပြန် မေဓါဝီလမ်းမကြီးနှင့် ဝဇီယာလမ်းဆုံအနီးတွင် မူးယစ်အော်ဟစ်ခဲ့သူ တစ်ဦးဖြစ်သည့် ယာဉ်မောင်းဇော်သန့် မောင်းနှင်လာသည့်ကားက နောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

 ရဲတပ်ကြပ်ညီညီထွေး သေဆုံးမှုနှင့်ပတ်သက်ပြီး လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲအမှုဖွင့်ရန် ရန်ကုန်တိုင်းဒေသကြီးရဲချုပ် ကိုယ်တိုင် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ကားဖြင့်ဝင်တိုက်ခဲ့သည့် ယာဉ်မောင်းဇော်သန့် ကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထားကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းက ရုံးဦးစီးအရာရှိ ရဲအုပ်ညီမျိုးလွင်က ပြောသည်။ ရဲတပ်ဖွဲ့အနေဖြင့် လှည့်ကင်းဆောင်ရွက်ရာတွင် လုံခြုံရေးတိုးမြှင့်သွားမည် ဟုလည်း ၎င်းက ပြောသည်။

 “ကျွန်တော်တို့က လုံခြုံရေးကို ထပ်ပြီးတော့ တိုးမြှင့်မယ်ဆိုရင် အခုလှည့်ကင်းဆောင်ရွက်နေတဲ့နေရာမှာ တပ်ဖွဲ့ဝင်တွေ လုံခြုံရေးကို ဘယ်လိုဆောင်ရွက်မယ်ဆိုတာ အထက်အကြီးအကဲလမ်းညွှန်ချက်နဲ့ အညီ ပြန်လုပ်သွားမှာပါ” ဟု ပြောသည်။

 ရဲတပ်ကြပ်ညီညီထွေးသေဆုံးမှုနှင့် ပတ်သက်ပြီး အစောပိုင်းတွင်ယာဉ်စည်းကမ်းဥပဒေပုဒ်မ အပါအဝင် လူသေမှုဖြင့် အမှုဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် လူသတ်မှု၊ ယာဉ်မတော်တဆမှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ မောင်းနှင်ထွက်ပြေးမှု စသည့် ပုဒ်မ ၄ ခု ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့သည်။ ယာဉ်မောင်းဖြစ်သူ ဇော်သန့်ကို လာမည့့်် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly