ကိုးတန်ကောက်စစ်ဆေးမှု ဗီဒီယိုဖိုင်ပေါက်ကြားမှုနှင့် ပတ်သက်သည့် ရဲဝန်ထမ်းများအား ပြစ်ဒဏ်ချမှတ်

ကိုးတန်ကောက်စစ်ဆေးမှု ဗီဒီယိုဖိုင်ပေါက်ကြားမှုနှင့် ပတ်သက်သည့် ရဲဝန်ထမ်းများအား ပြစ်ဒဏ်ချမှတ်
ဓာတ်ပုံ - မင်းမျိုးနွယ်

မောင်တောနှင့် ရသေ့တောင်မြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံလိုက်ရပြီးနောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေချိန်တွင် စစ်ဆေးချက်များအား ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ပေါက်ကြားမှုနှင့် ပတ်သက်သူများအား ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ဗီဒီယိုဖိုင် ရိုက်ကူးခဲ့သည့် ရဲဝန်ထမ်းနှင့် ရွာသားများအား ကန်ကျောက်နေသည့် ရဲဝန်ထမ်းနှစ်ဦးတို့အား ပြစ်ဒဏ် ရက်ပေါင်း ၆၀ ချမှတ်ကာ အရာရှိများအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ လုပ်သက်တစ်နှစ်စီ လျှော့ချလိုက်ကြောင်း စစ်တွေမြို့ အမှတ် ၃၆ တပ်ရင်း ဒုတိယရဲမှူးကြီး အောင်ချမ်းမြေ့ကဆိုသည်။

“ထောင်ဒဏ်ရက် ၆၀ ချလိုက်ပါတယ်။ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့အတွက် ရဲတပ်ထဲက အချုပ်ခန်းမှာပဲ သူတို့တွေကို ချုပ်ထားပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ကနေ အမိန့်ချမှတ်လိုက်တာပါ။   ပြစ်ဒဏ် ပြည့်သွားရင်တော့ ပြန်ပြီး တာဝန် ထမ်းဆောင်ကြရမှာပါ”ဟုဒုတိယရဲမှူးကြီး အောင်ချမ်းမြေ့က ပြောသည်။

အဆိုပါ ဗီဒီယိုဖိုင်မှာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့်အတွက် သက်ဆိုင်သည့် ရဲတပ်ဖွဲ့ဝင်များအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗီဒီယိုဖိုင်ပေါက်ကြားမှုကြောင့် ထိန်းသိမ်းခံထားခဲ့ရသည့် ရဲဝန်ထမ်းများမှာ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူး ရဲထွဋ္ဋ်နိုင်၊ အမှတ် (၃၆) လုံခြုံရေးတပ်ဖွဲ့မှ ဒု-ရဲအုပ် တေဇာလင်း၊ ဗီဒီယိုရိုက်ကူးခဲ့သူ တပ်သားဇော်မျိုးထိုက်နှင့် ရိုက်နှက်ကန်ကျောက်သူ တပ်သား ပြည့်ဖြိုးသွင်တို့ ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly