ဒုသမ္မတကို အရေးယူပိတ်ဆို့ခဲ့သည့် အမေရိကန်အစိုးရ လူသိရှင်ကြား ပြန်တောင်းပန်ရမည်ဟု ဗင်နီဇွဲလားသမ္မတ ပြော

ဒုသမ္မတကို အရေးယူပိတ်ဆို့ခဲ့သည့် အမေရိကန်အစိုးရ လူသိရှင်ကြား ပြန်တောင်းပန်ရမည်ဟု ဗင်နီဇွဲလားသမ္မတ ပြော

ဖေဖော်ဝါရီ ၁၅ ။           ။ မူးယစ်မှောင်ခိုမှု စွဲချက်ဖြင့် ဒုသမ္မတ ဖြစ်သူကို အမေရိကန်က အရေးယူဒဏ်ခတ်လိုက်မှုနှင့်ပတ်သက်၍ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက ဒေါသူပုန်ထလျက်ရှိသည်။ ယခုကိစ္စအတွက် လူသိရှင်ကြား ပြန်တောင်းပန်ရန် အမေရိကန်အစိုးရကို တောင်းဆိုသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဒုသမ္မတ တာရက်ခ် အယ်လ် အစ္စမီနှင့် အပေါင်းပါတစ်ဦးတို့သည် ဗင်နီဇွဲလား နိုင်ငံတွင်း မူးယစ်ဆေးဝါးများ ကုန်သွယ်ခဲ့ကြပြီး နိုင်ငံတကာ မှောင်ခိုရာဇာကြီးများအားလည်း အကာအကွယ်ပေးထားခဲ့သည်ဟု ဆိုကာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

ယခုအရေးယူမှုတွင် မစ္စတာ အစ္စမီ နှင့် စီးပွားရေးတွဲလုပ်ခြင်းမပြုရန် အမေရိကန်နိုင်ငံသားများကို တားဆီးလိုက်သကဲ့သို့ အမေရိကန်နိုင်ငံတွင်းရှိ မစ္စတာ အစ္စမီ၏ ပိုင်ဆိုင်မှုများကိုပါ ထိန်းသိမ်းထားလိုက်ပြီ ဖြစ်သည်။

ယခု အရေးယူခံရမှုနှင့်ပတ်သက်၍ ဗင်နီဇွဲလား သမ္မတ မာဒူရိုက ဖေဖော်ဝါရီ ၁၄ ရက်က နိုင်ငံပိုင်မီဒီယာမှတဆင့် ၎င်း၏ ဒေါသကို ဖွင့်ထုတ်သွားခဲ့သည်။

" ဗင်နီဇွဲလားအနေနဲ့ တဆင့်ပြီး တဆင့် ပြန်တုန့်ပြန်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။ အလားတူ ယခုကိစ္စနှင့်စပ်လျင်း၍ ကန့်ကွက်ရန် ကာရာကက်စ်မြို့ အမေရိကန်သံရုံးမှ သံမှူးကိုလည်း ဆင့်ခေါ်ခိုင်းထားသည်ဟုလည်း သိရသည်။

" အမေရိကန်တို့အနေနဲ့ ဒီအရေးယူမှုကို ပြန်ရုတ်သိမ်းရပါလိမ့်မယ်၊ နောက်ပြီး ကျွန်တော်တို့ရဲ့ ဒုသမ္မတကိုလည်း လူသိရှင်ကြား ပြန်တောင်းပန်ရပါလိမ့်မယ်" ဟု သမ္မတ မာဒူရိုက ပြောသွားသည်။

ယခုကိစ္စတွင် ၎င်း၏ ဒုသမ္မတဖြစ်သူအား အပြည့်အ၀ ကာကွယ်ပြောကြားသွားခဲ့သည်။ ဒုသမ္မတဖြစ်သူ မစ္စတာ အစ္စမီ တာဝန်ထမ်းဆောင်စဉ်ကာအတွင်း မူးယစ်ရာဇာ ၁၀၀ ကျော် ဖမ်းဆီးမိခဲ့ကြောင်းနှင့် နိုင်ငံတွင် မူးယစ်မှောင်ခိုမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဦးဆောင်လုပ်ဆောင်ပေးခဲ့သူဖြစ်ကြောင်း မာဒူရိုက ၎င်း၏ လက်ထောက်ဘက်မှ ကာကွယ်ပြောဆိုသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly