လူငယ်ခြေတက်ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ခ်ကို စပါးအသင်း စာချုပ်သက်တမ်းတိုး

လူငယ်ခြေတက်ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ခ်ကို စပါးအသင်း စာချုပ်သက်တမ်းတိုး

ဖေဖော်ဝါရီ ၁၅၊ အင်္ဂလန် ။           ။ စပါးအသင်းသည် အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်ခြေတက်ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ခ်ကို တစ်ပတ်လုပ်ခလစာငွေ ပေါင်နှစ်သောင်းဖြင့် ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

စပါးလူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့ပြီး စပါးအသင်းကြီးတွင် နေရာရလာခဲ့သည့် ဝင့်ခ်သည် ယခုနှစ်ရာသီတွင် စပါးအသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားပေးထားသည်။

စပါးအသင်းသည် ပြီးခဲ့သည့်ငါးလကမှ ဝင့်ခ်ကို စာချုပ်သက်တမ်းတိုးထားခြင်းဖြစ်သော်လည်း နည်းပြပိုချက်တီနို၏ပထမအသင်းကြီးတွင် နေရာရလာသည်ကို ဂုဏ်ပြုသောအားဖြင့် စာချုပ်သစ်ထပ်မံ ချုပ်ဆိုခြင်း ဖြစ်သည်။

‘စာချုပ်သစ်ချုပ်ဆိုနိုင်လို့ အရမ်းကိုပျော်ရွှင်မိပါတယ်။ ဒီရာသီမှာ ကျွန်တော်ပွဲတွေအများကြီးကစားခွင့်ရခဲ့ပါတယ်။ ဒါက ရာသီမစတင်ခင်ကတည်းက ကျွန်တော်လိုချင်ခဲ့တဲ့ အရာပါပဲ။ ဒါပေမဲ့ ဘောလုံးမှာက အပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ဒီလုပ်အားနှုန်းကို ဆက်ထိန်းထားနိုင်ဖို့လိုပါတယ်။ ဒီပုံစံအတိုင်းအလုပ်ကို ဆက်ကြိုးစားပြီး ရှေ့ဆက်သွားမှာပါ’ ဟု ဟယ်ရီဝင့်ခ်က စပါးအသင်းဝက်ဆိုက်မှ ပြောခဲ့သည်။

စပါးအသင်းသည် အသက် ၁၉ နှစ်အရွယ်ရှိ လူငယ်နောက်ခံကစားသမား ကိုင်လီဝေါ်လ်ကာပီတာကိုလည်း ၂၀၁၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly