ပါကစ္စတန်တွင် စိတ်ဝေဒနာရှင်တစ်ဦးအား သေဒဏ်ပေးကွပ်မျက်မည်ကို လူအခွင့်အရေးစောင့်ကြည့်ရေးက တားမြစ်

ပါကစ္စတန်တွင် စိတ်ဝေဒနာရှင်တစ်ဦးအား သေဒဏ်ပေးကွပ်မျက်မည်ကို လူအခွင့်အရေးစောင့်ကြည့်ရေးက တားမြစ်

ပါကစ္စတန်နိုင်ငံတွင် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးကို ကြိုးပေးကွပ်မျက် သေဒဏ်ချထားရာ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ HRW က ၎င်းရောဂါသည်အား မကွပ်မျက်ရန်အတွက် တောင်းဆိုတိုက်တွန်းထားသည်။

ခီဇာဟာရတ်ဆိုသူသည် လုပ်ဖော်ကိုင်ဖက်တစ်ဦးကို သတ်ဖြတ်မှုဖြင့် လွန်ခဲ့သည့် ၁၂ နှစ်က သေမိန့်အပြစ်ဒဏ် ချခံရသူဖြစ်ပြီး ၎င်းသည် စိတ်ကစင့်ကလျားဖြစ်သည့်ရောဂါရှိသူတစ်ဦးဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

ပါကစ္စတန်တွင် ရမဇန်မွတ်စလင်ဥပုသ်ကာလအတွင်း သေဒဏ်ပေးကွပ်မျက်ခြင်းများကို ရပ်တန့်ထားရာမှ ဥပုသ်ပြီးစီးပြီးနောက် တွင် ယခုအခါတွင် ပြန်လည်အပြစ်ပေးစီရင်လာခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံတွင်း သေဒဏ်ပေးကွပ်မျက်ခြင်းများကို တရားဝင်ဆိုင်းငံ့ထားရာမှ ဒီဇင်ဘာက ပြန်လည်ကျင့်သုံးချိန်မှစကာ လူပေါင်း ၁၇၆ ဦးကို အပြစ်ပေးကွပ်မျက်ခဲ့ကြောင်း HRW ကပြောသည်။

စိတ်ကျန်းမာရေးမကောင်းသူဝေဒနာသည်တစ်ဦးအား သေဒဏ်ပေးကွပ်မျက်ခြင်းသည် လူမှုရေးကျင့်ဝတ်အပေါ် ဖောက်လွဲ ရိုင်းပျခြင်းတစ်ရပ်သာဖြစ်ကြောင်း HRW မှ အာရှဆိုင်ရာလက်ထောက်ညွန်ကြားရေးမှူးချုပ်ဖြစ်သူဖီလင်းကင်ကပြောခဲ့သည်။

"ပါကစ္စတန်သမ္မတအနေနဲ့ ခီဇာဟာရတ်ရဲ့ သေဒဏ်ကို ချက်ချင်းအပြစ်ဒဏ်လျှော့ပေါ့ပေးသင့်တယ်။ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခြင်းကနေ တားဆီးသင့်တယ်။"ဟု ၎င်းကပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly