မောင်တောသို့ သွားရောက်စစ်ဆေးရန် ဒုသမ္မတ ဦးမြင့်ဆွေရောက်ရှိ

မောင်တောသို့ သွားရောက်စစ်ဆေးရန် ဒုသမ္မတ ဦးမြင့်ဆွေရောက်ရှိ
ဓာတ်ပုံ-မင်းမျိုးနွယ်

မောင်တောအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နှင့်စပ်လျဉ်းသော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နေ့လည် ၁ နာရီခန့်အချိန်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့   ရောက်ရှိလာခဲ့ပြီး နေ့လည်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် မောင်တောသို့ ထွက်ခွာသွားခဲ့ကြောင်း တွေ့ရသည်။

ဖေဖော်ဝါရီလ ၃ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးမှ အစီရင်ခံစာထွက်ရှိပြီးနောက် အခြေအနေများအား ထပ်မံစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဒုသမ္မတ၏ ခရီးစဉ်အဖြစ်   ရောက်ရှိလာခြင်းဖြစ်သည်။

ဒုသမ္မတမှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ မောင်တောမြို့၊ ကျီးကန်ပြင်နယ်ခြားစောင့် ရဲဌာနချုပ်ရှိရာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအပြင် ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေ ဦးဆောင်သော အဖွဲ့ဝင်များမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ရောက်နှင့်နေပြီဖြစ်ကာ မောင်တောနယ်စပ်ဒေသတွင် လိုအပ်သော စစ်ဆေးမှုများအတွက် အဖွဲ့ခွဲ၍ ဆောင်ရွက်လျှက်ရှိနေသည်။

ကော်မရှင်အဖွဲ့ဝင်များသည် မောင်တောမြို့နယ်ရှိ ဖားဝပ်ချောင်းကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ လောင်းဒုံကျေးရွာ အုပ်စု၊ ဇင်ပိုင်ညာကျေးရွာ၊ ဝက်ပစ် (ဝါးပိတ်)ကျေးရွာ၊ စေတီပြင်ကျေးရွာ စသည့်နေရာများတွင် စုံစမ်းစစ်ဆေးမှု များ ဆောင်ရွက်လျှက်ရှိကာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည်ကြောင်း သိရရှိသည်။

ဒုသမ္မတဦးမြင့်ဆွေခေါင်းဆောင်သော ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂၊ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊   မောင်တောအကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ရန် ဖွဲ့စည်းထားသည့် ကော်မရှင်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly