အပူလှိုင်းကျရောက်စဉ်ကာလ ကားဘောနက်ဖုံးပေါ်တွင် ကြက်ဥကြော်ပြခဲ့သည့် သြစတြေးလျ ရဲတစ်ဦး

အပူလှိုင်းကျရောက်စဉ်ကာလ ကားဘောနက်ဖုံးပေါ်တွင် ကြက်ဥကြော်ပြခဲ့သည့် သြစတြေးလျ ရဲတစ်ဦး

ဖေဖော်ဝါရီ ၁၄ ။                  ။  သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ် ဘာ့ဒ်စဗဲလ်မြို့၌  မကြာသေးမီက အပူလှိုင်းကျရောက်ခဲ့ပြီး ယင်းပူပြင်းလွန်းလှသော ရာသီချိန်တွင် ရဲဝန်ထမ်းတစ်ဦးက ၎င်း၏   မော်တော်ကား ဘောနက်ဖုံးပေါ်တွင် ကြက်ဥကြော်ပြခဲ့သည့် ဗီဒီယိုတစ်ခု ထွက်ပေါ်ခဲ့သည်ဟု သိရသည်။

ကွင်းစလန်း ရဲဌာန၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် တင်ထားခဲ့သည့် ဗီဒီယိုတစ်ခုတွင် ရဲဝန်ထမ်းတစ်ဦးက ဆင်မ်ဆန် သဲကန္တရရှိ Big Rad သဲတောင်ပူစာ ဧရိယာတွင် ကားရပ်ကာ ဘောနပ်ဖုံးပေါ် ဒယ်အိုးတင်ကာ ကြက်ဥဖောက်ကြော်ပြသနေပုံကို မြင်တွေ့ခဲ့ရသည်။

ယင်းဗီဒီယိုကို ဖေဖော်ဝါရီ ၁၀ ရက် အွန်လိုင်းပေါ်သို့ တင်ခဲ့ပြီး ငါးရက်အတွင်း ကြည့်ရှုသူ ၃သန်း ကျော် ရှိခဲ့သည်။

ယင်းနိုင်ငံ၏ ဘာ့ဒ်စဗဲလ်မြို့၌ ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နှင့် ဖေဖော်ဝါရီ ၁၂ ရက်ကြား ကာလတွင် နေ့အပူချိန်မှာ ၄၁ ဒီဂရီ ဆဲစိယက်စ် ( ၁၀၅ ဒသမ ၈ ဖာရင်ဟိုက်) အောက် မကျခဲ့ဟု သြစတြေးလျ မိုးလေဝသဗျူရို၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းမြို့မှာ အမြဲတမ်းလိုလို ဖေဖော်ဝါရီလတွင် အမြင့်ဆုံးအပူချိန်မှာ ၃၈ ဒီဂရီ ဆဲစိယက်စ် ( ၁၀၀ ဒသမ ၄ ဖာရင်ဟိုက်) ထိ ရှိတတ်သော်လည်း ယခုနှစ်တွင်မူ နေ့အပူချိန်မှာ ပြီးခဲ့သည့် တနင်္ဂနွေကဆိုလျင် အမြင့်ဆုံး ၄၁ ဒသမ ၇ ဆဲစိယက်စ်ထိပင် ရှိခဲ့သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly