ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြံုရေး အကြံပေးအရာရှိ ရာထူးမှ ရုတ်တရက် နှုတ်ထွက်သွား

ဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြံုရေး အကြံပေးအရာရှိ ရာထူးမှ ရုတ်တရက် နှုတ်ထွက်သွား

ဖေဖော်ဝါရီ ၁၄ ။          ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် မိုက်ကယ် ဖလင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်က ရာထူးမှ ရုတ်တရက် နှုတ်ထွက်သွားခဲ့သည်။ ထရမ့်အစိုးရသစ် မတက်မီအချိန်ကတည်းက ၎င်းသည် ရုရှနှင့် ပုံစံမကျသည့် ဆက်ဆံမှုများ ရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်များထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သိ့ု ရာထူးမှ နှုတ်ထွက်သွားခြင်း ဖြစ်သည်။

ရုရှတို့အပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးရေးနှင့် ပတ်သက်၍ မိုက်ကယ်ဖလင်းနှင့် ရုရှတာဝန်ရှိသူတို့အကြား ဆွေးနွေးမှုများ လုပ်ဆောင်ထားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ထားခဲ့သည်။

ယခုအခါ နှုတ်ထွက်သွားသော ဖလင်း၏ နေရာတွင် အစားထိုးတာဝန်ယူနိုင်မည့်သူကို သမ္မတ ဒေါ်နယ်ထရမ့်က စဉ်းစားရွေးချယ်နေလျက်ရှိပြီး လောလောဆယ်တွင် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ အရာရှိချုပ် ဗိုလ်ချုပ်ကြီးဟောင်း ကိတ်သ် ကယ်လော့ဂ်က ခေတ္တ တာဝန်ယူထားမည်ဟုလည်း သိရသည်။

လစ်လပ်သွားသော အမျိုးသားလုံခြုံရေး အကြံပေး ရာထူးအတွက် ကယ်လော့ဂ် အပြင် စီအိုင်အေ ဒါရိုက်တာဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း  ဒေးဗစ် ပီထရော့စ် နှင့် အမေရိကန် ဗဟို စစ်ဌာနချုပ်မှ ဒုတိယတပ်မှူးဟောင်း ရောဘတ် ဟာဝါ့ဒ်  တို့ထဲမှ တစ်ဦးကို အတည်ပြုခန့်အပ်ဖွယ်ရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

ဖလင်းနှင့်ပတ်သက်၍ သတင်းများထွက်ပေါ်ခဲ့မှု အခြေအနေနှင့် ပတ်သက်၍ ထရမ့်က ဒုသမ္မတ မိုက်ပန့်စ်နှင့် ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရပြီးနောက် နာရီပိုင်းအကြာတွင် ဖလင်းက ၎င်း၏ နှုတ်ထွက်စာကို တင်သွားခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် ရုရှဘက်နှင့် ဆန်ရှင်ရုတ်သိမ်းရေးဆိုင်ရာ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ဖလင်းက မိုက်ပန့်စ်အား ကတိပြုပြောကြားခဲ့သည်ဟု သိရသော်လည်း အစိုးရတာဝန်ရှိသူများ ကြားဖြတ်ရယူနိုင်ခဲ့သော မှတ်တမ်းများအရ ဖလင်းနှင့် ရုရှသံအမတ်ကြီးတို့အကြား ဆွေးနွေးမှုများ ပြုလုပ်ထားခဲ့သည်ကို ဖော်ပြနေခဲ့သည်ဟုလည်း သိရသည်။

ယခုကဲ့သို့ အမျိုးသားလုံခြုံရေးအကြံပေး ဖလင်း နှုတ်ထွက်သွားမှုမှာ ရက်ပေါင်း ၂၄ ရက်သာ ရှိသေးသည့် သမ္မတ ထရမ့်၏ အစိုးရလက်ထက် အထင်ပေါ်ဆုံးသော အခိုက်အတန့်တစ်ခုလည်း   ဖြစ်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly