တစ်နှစ်ကျော်ကြာ နေရာပျောက်ခဲ့ရသည့် ဗိုလ်ချုပ်ကြေးရုပ် ဖွင့်လှစ်

တစ်နှစ်ကျော်ကြာ နေရာပျောက်ခဲ့ရသည့် ဗိုလ်ချုပ်ကြေးရုပ် ဖွင့်လှစ်

မုံရွာ၊ ဖေဖော်ဝါရီ ၁၃ ။             ။ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် တစ်နှစ်ကျော်ကြာ စိုက်ထူခွင့်နေရာ မရခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်အား ဖေဖော်ဝါရီ ၁၃ ရက်က ဖွင့်လှစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး-ပခုက္ကူ လမ်းဆုံတွင် စိုက်ထူထားခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်မြောက် မွေးနေ့တွင် ကြေးရုပ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

" မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ ဆုံရာဖြစ်တဲ့ လမ်းဆုံမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူနိုင်ခဲ့ကြပါပြီ။ မြို့အတွက် ဂုဏ်ယူစရာ ပြယုဂ်တစ်ခု ဖြစ်ပါတယ် " ဟု ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနာယက ဦးအောင်သန်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အရွယ်အစားသည် ၇ ပေ ၈ လက်မ နှင့် ကြေးခွာ အမြင့် ၄ လက်မ ဖြစ်ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရန်အတွက် ၂၀၁၅ ခုနှစ်အတွင်းက မြေနေရာတောင်းခံခဲ့သော်လည်း မရရှိခဲ့ဘဲ ၂၀၁၆ ခုနှစ်အတွင်းမှသာ ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခွင့်မရရှိခဲ့သဖြင့် မုံရွာ-မန္တလေးကားလမ်းဘေးရှိ ဓမ္မိကာရာမ ဘုန်းကြီးကျောင်းဝန်းအတွင်း တစ်နှစ်ကျော်ကြာ ထားရှိခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly