ဖိလစ်ပိုင်တောင်ပိုင်းတွင် အားပြင်း ငလျင်လှုပ်၊ လေးဦးထက် မနည်း သေဆုံး

ဖိလစ်ပိုင်တောင်ပိုင်းတွင် အားပြင်း ငလျင်လှုပ်၊ လေးဦးထက် မနည်း သေဆုံး

ဖေဖော်ဝါရီ ၁၁ ။                    ။ ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းတွင် အားပြင်း မြေငလျင်တစ်ခု လှုပ်ခဲ့ပြီးနောက် အနည်းဆုံးလေးဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ငလျင်ကြောင့် ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထွက်ပြေးခဲ့ကြရသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်း နိုင်ငံတောင်ပိုင်းနေ ဒေသခံများ အိပ်ရာဝင်ချိန်တွင် ထိုကဲ့သို့ ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် Mindanao ကျွန်း Surigao မြို့ခံပြည်သူများမှာ ယင်းညတစ်ညလုံးကို ထိတ်လန့်ခြင်းများစွာကြီးစိုးရင်း ဖြတ်သန်းကုန်ဆုံးခဲ့ရသည်ဟု သိရသည်။

ယခုအခါ ဖေဖော်ဝါရီ ၁၁ ရက် ယနေ့တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသော အပျက်အစီးပုံများအကြား အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေလျက်ရှိသည်။

ယင်း ငလျင်ကြောင့် လေးဦး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး Sol Matugas က ပြောသည်။ " တစ်ယောက်ဆိုရင် သူ့အိမ်ထဲမှာပဲ ငလျင်ကြောင့် အပျက်အစီးတွေထဲ ပိမိနေခဲ့ပါတယ်၊ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ သူ့အသက်ရှင်ခဲ့ပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၇၅ ဦးထိ ရှိခဲ့ကြောင်း အများစုမှာ ပြုတ်ကျလာသည့်အရာများဖြင့် ထိခိုက်မိခြင်းဖြစ်ကြောင်းနှင့် ၁၄ ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက ပြောသည်။

နေအိမ်အများအပြားလည်း ပြိုကျပျက်စီးခဲ့ရကြောင်း၊ ယခုအခါ ရှာဖွေကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူ ရှိမရှိ လိုက်လံရှင်းလင်း ကယ်ဆယ်နေလျက်ရှိကြောင်း   ပြည်သူ့လုံခြုံရေးဌာနအကြီးအကဲ Rosauro Arnel Gonzales က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly