မောင်တောတွင် သုံးနှစ်အတွင်း တရားမဝင် ဆင်းကဒ်သုံးစွဲသူ ၁၈၇ ဦး ဖမ်းဆီးမိခဲ့

မောင်တောတွင် သုံးနှစ်အတွင်း တရားမဝင် ဆင်းကဒ်သုံးစွဲသူ ၁၈၇ ဦး ဖမ်းဆီးမိခဲ့

မောင်တော၊ ဖေဖော်ဝါရီ ၁၁ ။                  ။ မောင်တောခရိုင်အတွင်း တရားမဝင်ဆင်းကဒ်သုံးစွဲသူများအား ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ရာ အရေးယူ   ဆောင်ရွက်မှုများအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ၈၁ မှု၊ ၂၀၁၅ ခုနှစ် တွင် ၈၄ မှု၊ ၂၀၁၆ ခုနှစ် တွင် ၂၂ မှု စုစုပေါင်း ၁၈၇ မှု တရားခံ ၁၈၇ ဦးကို လည်း ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားလိုက်သည်။

အဆိုပါပြောကြားမှုအား ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရသေ့တောင်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ   ပြည်နယ်လွှတ်တော်အမတ်   ဒေါ်ခင်စောဝေ၏ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်နှင့်ထိစပ်လျက်ရှိသည့် တစ်ဖက်နိုင်ငံမှထုတ်လုပ်သော တယ်လီဖုန်း (Sim Card) များကို မောင်တော၊ ဘူးသီးတောင် မြို့နယ်များ၌ တွင်ကျယ်စွာ သုံးစွဲနေခြင်းကို တားဆီးအရေးယူပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းနင့် ပတ်သက်ပြီး ပြန်လည်ဖြေကြားချက်အရ သိရှိရခြင်းဖြစ်သည်။

“အောက်တိုဘာလ ၉ ရက်နေ့က အစိုးရနယ်ခြားစောင့် တပ်စခန်းတွေကို ဝင်ရောက်သိမ်းပိုက်စဉ်မှာ တရားမဝင်ဆင်းကဒ်တွေကို သုံးခဲ့ကြသလို မူးယစ်ဆေးဝါးမှောင်ခို ရောင်းဝယ်ရာမှာလည်း အဲဒီဆင်းကဒ်တွေကို သုံးစွဲကြပါတယ်။ တစ်ဖက်နိုင်ငံထုတ်ဆင်းကဒ်တွေကို တရားမဝင်အသုံးပြုနေတာက မမှန်ကန်တဲ့လုပ်ရပ်တွေအတွက် ပိုပြီးအခွင့်အလမ်းဖြစ်စေပါတယ်’’ ဟု ဒေါ်ခင်စောဝေ က ဆိုသည်။

နယ်စပ်ဒေသဖြစ်သည့် မောင်တောခရိုင်အတွင်း မြန်မာနိုင်ငံမှ ဆင်းကဒ်များသုံးစွဲရာတွင် ဆက်သွယ်မှု ကောင်းမွန်စေရန်အတွက် တည်ဆောက်ပြီးတာဝါတိုင် စုစုပေါင်း ၂၃ တိုင်နှင့် တည်ဆောက်ဆဲ တာဝါတိုင် ခြောက်တိုင်ဖြင့် မိုဘိုင်းဖုန်းဝန်ဆောင်မှု အရည်အသွေး ကောင်းမွန်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြိး တစ်ဖက်နိုင်ငံမှ တယ်လီဖုန်း(Sim Card)များ သုံးစွဲနေမှုအပေါ် တည်ဆဲဆက်သွယ်ရေး ဥပဒေများအရ အရေးယူနိုင်သေးခြင်းမရှိသေးသော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း   ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly