ဖေဖော်ဝါရီ ၁၁၊ မန်ချက်စတာ။ ။ ဂိုးသမားဒီဂီယာကို ခေါ်ယူနိုင်ရေးကြိုးပမ်းရာတွင် ရီးယဲလ်မက်ဒရစ်မှ မိတ်ဆွေများအနေဖြင့် ပွင့်လင်းရိုးသားကြမည်ဟု မန်ချက်စတာယူနိုက်တက် နည်းပြမော်ရင်ဟိုက မျှော်လင့်နေသည်။
အသက် ၂၆ နှစ်အရွယ်ဂိုးသမားသည် ဘာနေဗျူးသို့ဖြစ်နိုင်ဖွယ်အပြောင်းအရွှေ့အပေါ် “အနာဂါတ်ကို ဘယ်သူမှမသိနိုင်ပါဘူး” ဟု အေအက်စ်သတင်းစာသို့ပြောခဲ့ပြီးနောက် ယခုတစ်ပတ်တွင် ယင်းစပိန်လက်ရွေးစင်၏အနာဂါတ်နှင့်ပတ်သက်ပြီး ကောလာဟလများထပ်မံထွက်ပေါ်လာခဲ့သည်။
ဒီဂီယာနှင့်ပတ်သက်ပြီးတစ်စုံတစ်ယောက်ကအချိန်ဖြုန်းနေသည်ဟုပြောဆိုထားသည့် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌပီရက်ဇ်က ရာသီမကုန်မချင်း မည်သည့်အပြောင်းအရွှေ့ ဆွေးနွေးမှုမှ ရှိမည် မဟုတ်ဟု ဆိုသည်။
ဒီဂီယာသည် ၂၀၁၅ သြဂုတ်တွင် ကေလာနာဗက်စ်နှင့် ကစားသမားလဲလှယ်မှုအဖြစ် ရီးယဲလ်မက်ဒရစ်သို့ပြောင်းရန် နီးစပ်ခဲ့ပြီးမှ အပြောင်းအရွှေ့ပျက်ခဲ့ကာ အသင်းနှစ်သင်း ထိပ်ပိုင်းတာဝန်ရှိသူများ အကြား မပြေလည်မှုများလည်းဖြစ်ပေါ်ခဲ့သည်။
ယူနိုက်တက်နှင့် လေးနှစ်စာချုပ်သစ် ချုပ်ထားသည့် ဒီဂီယာအနေဖြင့် အိုးထရက်ဖို့ဒ်တွင် ပျော်နေသည်ဟု မော်ရင်ဟိုကယူဆ နေပြီး ရီးယဲလ်မက်ဒရစ်ဘက်မှ အခြားပုံစံဖြင့် တိတ်တဆိတ် ချဉ်းကပ်မှုများ ပြုလုပ်လာလိမ့်မည် မဟုတ်ဟုလည်း ယုံကြည်နေသည်။
“ယူဆချက်တွေ အကြောင်းကိုပြောနေတာ မဟုတ်ပါဘူး။ တစ်ခုတည်းသော အမှန်တရားကတော့ သူက ကျွန်တော့် ကစားသမား ပါ။ ကျွန်တော်တို့အချင်းချင်းလည်း အဆင်ပြေနေကြတယ်။ ဒီထက်ပိုပြီး ဘာမှမရှိပါဘူး။
ပီရက်ဇ်နဲ့သူ့ညာလက်ရုံး ဟိုဆေးအိန်ဂျယ်ဆန်းချက်ဇ်တို့ဆိုတာ ကျွန်တော့်ရဲ့သူငယ်ချင်းတွေပါ။ ကျွန်တော်တို့ဟာ ထာဝရ သူငယ်ချင်းကောင်းတွေဆိုတာကိုတော့ ကျွန်တော်ပြောနိုင်ပါတယ်။ သူတို့ကိုလည်း တော်တော်လေး သဘောကျပါတယ်။
သူငယ်ချင်းတွေဆိုတာ ပွင့်လင်းကြတယ်။ ရိုးသားကြတယ်။ ဒါကြောင့်ရာသီကုန်မှာ သူ့ကစားသမား၊ ကိုယ့်ကစားသမားကို လိုချင်တဲ့အခါ မီဒီယာတွေကတစ်ဆင့်သွားစရာ မလိုပါဘူး။ အပြန်အလှန်မက်ဆေ့ချ်ပို့ကြရုံပါပဲ။
တိုက်ရိုက်ပဲသွားပါလိမ့်မယ်။ ဒါကြောင့် သူတို့ဟာ ကစားသမားအပြောင်းအရွှေ့နဲ့ပတ်သက်လို့ ကျွန်တော်လုံးဝမစိုးရိမ်တဲ့ အသင်းတစ်သင်းပါ”ဟု မော်ရင်ဟိုက ပြောသည်။
Ref; goal.com