ခုတလောအတော်ကလေးသတင်းကြီးနေတဲ့ ဦးကိုနီလုပ်ကြံမှုမှာ လုပ်ကြံသူ ဦးကြည်လင်းရဲ့ နောက်ကွယ်က ကွင်းဆက်တစ်ခုအဖြစ် ပစ်မှတ်ထားနေကြတဲ့ ဦးအောင်ဝင်းဇော်ကို စတင်ဖော်ထုတ် ပေးခဲ့သူ ဦးအောင်စိုးဟာ တကယ့်ဟီးရိုးကြီးတစ်ယောက်လို ဖြစ်နေရာက တချို့သော သတင်းစာ၊ ဂျာနယ်၊ မီဒီယာများက “ဖော်ကောင်”ဆိုတဲ့ ဝိသေသနဲ့ ဂုဏ်တင်ချီးပလိုက်ကြတဲ့အတွက် သူဟာ နေရင်းထိုင်ရင်း လူသတ်တရားခံများနဲ့ အတူပူးပေါင်းပါဝင်သူ ရာဇဝတ်ကောင်တစ်ဦးဘဝကို ရောက်ရှိ သွားရပါတော့တယ်။ ဥပဒေနယ်ပယ်သားများလည်း ဘာမှန်းမသိဘဲ မျက်စိလည်သွားရပါတယ်။
ဖော်ကောင်အောင်စိုး. . . တဲ့။
ဟုတ်မှ ဟုတ်ရဲ့လား။ သေချာပြန်ဖတ်တော့မှ “ စာဖတ်သူများအားပိုမိုဆွဲဆောင်နိုင်ရန် ရည်ရွယ်ခြင်းသာ ဖြစ်ပါသည်” ဆိုကိုး။ ဖြစ်မှဖြစ်ရလေ။ နိုင်ငံကျော်လုပ်ကြံမှုကြီးနဲ့ ပတ်သက်ပြီးအရေး ကြီး သတင်းကိုဖော်ထုတ်ပေးခဲ့တဲ့ ဦးအောင်စိုးက ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့နဲ့အတူ လုပ်ကြံမှု ကြီးကို အတူတကွ ပူးပေါင်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားဖြစ်သွားရတာပါကလား။
အဓိကပြဿနာက ဒီသတင်းဆောင်းပါးကို ရေးသားသူ၊ တည်းဖြတ်သူများက “ဖော်ကောင်”ရဲ့ အဓိပ္ပာယ်နဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို မသိဘဲ ရမ်းကြိတ်လိုက်ကြတာပါပဲ။
“ဖော်ကောင်”ဆိုတဲ့ ဝေါဟာရကိုအင်္ဂလိပ်လို 'State's Evidence' လို့ သုံးနှုန်းပြီး “ဖော်ကောင် လုပ်” ဆိုတဲ့ဝေါဟာရကိုတော့ 'Turn State's Evidence' လို့ သုံးပါတယ်။ အစိုးရသက်သေ၊ ကြံရာပါ သက်သေအဖြစ် တရားဝင်ဥပဒေသုံးစကားနဲ့ သုံးနှုန်းကြပါတယ်။ သက်သေခံဥပဒေပုဒ်မ-၃၃ မှာ ကြံရာပါသက်သေနဲ့ ပတ်သက်ပြီးအသေးစိတ် ပြဋ္ဌာန်းထားပါတယ်။ အဓိကလိုရင်းအချက်ကတော့ ကြံရာပါသက်သေ(ဝါ)ဖော်ကောင်ဆိုတာ ပြစ်မှုကျူးလွန်ရာမှာအတူပါဝင်သူ၊ တရားခံနဲ့အတူ တရားစွဲ ဆိုခြင်းခံရနိုင်သူ၊ ကျူးလွန်တဲ့ပြစ်မှုမှာတနည်းနည်းနဲ့ ပါဝင်သူကိုသက်သေအဖြစ်စစ်တဲ့အခါ ထွက်ဆို ပေးသူကိုဆိုလိုတာပါ။ တရားခံကျူးလွန်သောပြစ်မှုနဲ့ ပတ်သက်ပြီးလုံးဝသက်ဆိုင်ခြင်းမရှိသူဟာ ကြံရာပါသက်သေ (ဝါ) ဖော်ကောင်မဟုတ်ပါ။
ကဲ… “ဖော်ကောင် အောင်စိုး” လို့ ပြူးတူးပြဲတဲ လုပ်ချလိုက်ပုံကြီးက အမှားမကြီး၊ တာဝန်မကြီး လွန်းပေဘူးလား။ မသိရင် သိအောင်မေးပြီးမှ ရေးသင့်တဲ့ ဝေါဟာရမျိုးကို လက်လွတ်စပယ် ရမ်းကြိတ် လိုက်တာကြောင့် အကုန်လွဲကုန်ရောဗျ။
“ဖော်ကောင်” ဘာလို့ လုပ်ကြသလဲ။ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရကြလို့ပါ။ ရာဇဝတ်ဆိုင် ရာ ကျင့်ထုံးဥပဒေပုဒ်မ ၃၃၇(ခ)မှာအတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ကြံရာပါသက်သေ(ဝါ) အစိုးရ သက်သေ(ဝါ) ဖော်ကောင်တစ်ဦးက ပြစ်မှုနဲ့ပတ်သက်လို့၊ ပြစ်မှုကျူးလွန်ရာမှာအတူပါဝင်ကြသူများနဲ့ ပတ်သက်လို့၊ သူသိသမျှ အကြောင်းခြင်းရာအလုံးစုံကိုမချွင်းမချန် အမှန်အတိုင်းဖော်ထုတ်ပြောပြရ မယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ အစစ်ခံထွက်ဆိုခဲ့ရင် သူ့ကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ပါ တယ်။
အဲဒီတော့ ဦးအောင်စိုးက “ဖော်ကောင်အောင်စိုး” မဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ မဟုတ်လား။ “ဖော်ကောင်အောင်စိုး”လို့ သတင်းစာ၊ ဂျာနယ်စာမျက်နှာပေါ်ကနေတလွဲကြီးတွေ ကြိတ်နေကြတဲ့ အတွက် ကိုအောင်စိုးအဖို့လည်းနစ်နာ၊ နောင်အလားတူပြစ်မှုကြီးတွေနဲ့ ပတ်သက်ပြီး သတင်းပေးချင်ပေမယ့် “ဖော်ကောင်” ဂုဏ်ပုဒ်ကြီးကြောက်လို့ သတင်းမပေးကြရင် အားလုံးနစ်နာကြ ရမှာပါ။
သတင်းမီဒီယာသမားကအသိကြီး၊ သတိကြီးရပါတယ်။ “မသိမေးမစင်ဆေး” လုပ်ဖို့ မရှက်မ ကြောက်ရပါဘူး။ ထင်ရာစွတ်မကြိတ်ကြဖို့ လက်တို့လိုက်ပါရစေခင်ဗျာ။
စာရေးသူဦးခင်မောင်မြင့် (ခေါ်) ဇေယျမင်းသျှင်သည် အကျဉ်းဦးစီးဌာန ထောင်မှှုးကြီးဟောင်း ဖြစ်ပြီး၊ ယခုအခါ စာရေးဆရာ၊ ဥပဒေအကြံပေးအနေဖြင့် လုပ်ကိုင်လျက်ရှိသည်။ ၎င်းရေးသားသည့် ထောင်ဝတ္ထုတစ်ပုဒ်ဖြစ်သော “မျက်ရည်ပွင့်ပုံပြင်” စာအုပ်ကို လွန်ခဲ့သည့်လက ပုံနှိပ်ထုတ်ဝေခဲ့သည်။