ဖားကန့်တွင် ကျောက်တောင်ကမ်းပါးယံပြိုကျမှုဖြစ်ပွားရာ ၉ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ဖားကန့်တွင် ကျောက်တောင်ကမ်းပါးယံပြိုကျမှုဖြစ်ပွားရာ ၉ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
ဓာတ်ပုံ-ဦးကျော်စွာအောင်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁ဝ ။          ။ ဖားကန့်ဒေသရှိ ဆိပ်မှုအုပ်စု၊ နမ့်မှော်ကျေးရွာအနီး မော်လကင်မှော်ရှိ မင်္ဂလာတော်ဝင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အနီး   ကျောက်တောင်ကမ်းပါးယံပြိုကျမှုဖြစ်ပွားခဲ့ရာ တပိုင်တစ်နိုင် ကျောက်စိမ်းတူး ဖော်သူ ၉ ဦး ထိခိုက်သေဆုံးခဲ့ကာ၊ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က မဇ္ဈိမသို့ ယနေ့ အတည်ပြုပြောသည်။

အဆိုပါပြိုကျမှုမှာ ဖေဖော်ဝါရီလ ၉ ရက်၊ ည ၉ နာရီ ၅ဝ မိနစ်ခန့်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ညတွင် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ရာအိမ်မှူးများက ပြိုကျမှုဖြစ်ပွားသည့် နေရာသို့ သွားရောက်ရှာဖွေခဲ့ရာ ည ၁ဝ နာရီခွဲခန့်တွင် ထိခိုက်သေဆုံးသူ ရုပ်အလောင်း ၆ ဦးတူးဖော်တွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးကို ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ဦးကျော်စွာအောင်က ဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ မနက်ပိုင်းတွင် ဆက်လက်တူးဖော်ရှာဖွေခဲ့ရာ သေဆုံးသူ ရုပ်အလောင်း ၃ ဦးကို ထပ်မံတွေ့ရှိခဲ့သည့်အတွက် စုစုပေါင်း သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရှိသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

“ မင်္ဂလာတော်ဝင်ပေါ့နော် ကျောက်မျက်ကမ္ပဏီလုပ်ကွက်ထဲမှာ အဲ့ဒီကုမ္ပဏီက ညအလုပ်မလုပ်ဘူး။ နေ့ခင်းပိုင်းပဲ အလုပ်လုပ်တယ်။ အဲ့ဒါကြောင့် သူတို့က ညပိုင်းဝင်လုပ်ကြတာပေါ့နော်။ တူးကြတာ အဖွဲ့လိုက်ပဲ။ တူးကြရင်းနဲ့ ဖြစ်တာကတော့ မင်္ဂလာတော်ဝင်ကုမ္ပဏီလို့ ပြောတယ်။ သို့သော်လည်းပဲ ပြိုကျလာတဲ့မြေစာက သူရဲ့လမ်းတစ်လမ်းအကျော်က တခြားကုမ္ပဏီဘက်မှာရှိတဲ့ ကျောက်တောင်ကမ်းပါးယံပေါ့။ အဲ့ဒီဘက်က ပြိုကျတာ၊ ကုမ္ပဏီထဲက ပြိုကျတာမဟုတ်ဘူး။ သေဆုံးတဲ့သူတွေကလည်း မြေပိလို့သေတာမဟုတ်ဘူး။ ကျွန်တော်တို့ သုံးသပ်တာကတော့ ပြိုကျတဲ့ မြေစာတွေမှာ ကျောက်တုံးတွေ၊ ကျောက်ခဲတွေပါတယ်။ အဲ့ဒါတွေရဲ့ ထိခိုက်မှုကြောင့် သေဆုံးတာပေါ့နော်။ ဆေးစာမှာလည်း အပေါ်ကကျတဲ့ ဒဏ်ကြောင့် သေတာများ တယ်။ မြေစာတွေပိပြီးတော့ အသက်ရှုပိတ်ပြီးတော့ သေတာမျိုးသိပ်မတွေ့ရဘူး”ဟု ဦးကျော်စွာအောင်က အခြေအနေကို ရှင်းပြသည်။

မနက်ပိုင်းတူးဖော်ရှာဖွေမှုကို ၉ နာရီ ၁ဝ မိနစ်ခန့်တွင် စတင်တူးဖော်ရှာဖွေခဲ့ခြင်းဖြစ်ပြီး ၁၁ နာရီတွင် အားလုံး တူးဖော်ရှာဖွေမှုပြီးဆုံးခဲ့ကြောင်း၊ ရုပ်အလောင်းများကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုကျမှုကြောင့် မင်္ဂလာတော်ဝင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှာ လမ်းကြောပိတ်ဆို့ နေသည့် အတွက် အခြားတစ်ဖက်တွင်ရှိသည့် ရတနာစန်းရွှင်ကုမ္ပဏီဘက်မှ ဘက်ဟိုးဖြင့် တူးဖော်ခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly