၆၆(ဃ) အမှုများတွင် ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန တာဝန်ခံမှုအားနည်းဟုဆို

၆၆(ဃ) အမှုများတွင် ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန တာဝန်ခံမှုအားနည်းဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ။             ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အမှုများနှင့် ပတ်သက်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေသည်ဟု ၆၆(ဃ) ပြင်ဆင်ရေးလှုပ်ရှားသူ   ကဗျာဆရာ မောင်ဆောင်းခကဝေဖန်လိုက်သည်။

၎င်းက ဖေဖော်ဝါရီ ၁၀ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးတွင် ပြုလုပ်ခဲ့သည့် ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ ဆက်သွယ်ရေးဥပဒေပြင်ဆင်နိုင်ရေးအပေါ် အကြံပြုသုံးသပ်ချက်အစီရင်ခံစာ ရှင်းလင်းပွဲ၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"၆၆(ဃ)အမှုတွေမှာ ဆက်သွယ်ရေးက စီအိုင်ဒီရဲ့ စစ်ချက်တွေကို အတည်ပြုပြီး ခွင့်ပြုလိုက်တာများတယ်။ ဝန်ကြီးဌာနဟာ ဆက်သွယ်ရေးဥပဒေအပေါ် အခြေတည်ပြီး စိစစ်သုံးသပ်ရမယ့် တာဝန်ရှိပေမယ့် လုပ်ပိုင်ခွင့်မရှိသလို တာဝန်ယူမှု တာဝန်ခံမှု အားနည်းနေတယ်။" ဟု မောင်ဆောင်းခက ပြောသည်။

ဆက်သွယ်ရေးဆိုင်ရာသုတေသနအဖွဲ့တွင် ကဗျာဆရာမောင်ဆောင်းခ၊ IT ပညာရှင် ကိုစိုးသီဟနောင် နှင့် အထက်တန်းရှေ့နေ ကိုကြည်သာဖုန်းမြင့်တို့ပါဝင်ပြီး ၂၀၁၆ခုနှစ်၊ စက်တင်ဘာလကတည်းက ဥပဒေပြင်ဆင်ရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

"မူရင်းရာဇသတ်ကြီးထဲမှာ ဘယ်လို အပြုအမူတွေလုပ်ရင် ဘယ်လိုပြစ်မှုမြောက်တယ်ဆိုတာ ပါပြီးသားပဲလေ။ ဆက်သွယ်ရေးဥပဒေမှာလည်း ဒါတွေပါတယ်။ ဒီတော့ ဒါကို သီးသန့်ဥပဒေ ပြဋ္ဌာန်းဖို့ မလိုတော့ဘူး။" ဟု အထက်တန်းရှေ့နေ ကိုကြည်သာဖုန်းမြင့် ကပြောသည်။

ဆက်သွယ်ရေးဥပဒေပြင်ဆင်နိုင်ရေး အကြံပြုသုံးသပ်ချက် အစီရင်ခံစာတွင် ဥပဒေနှင့်နည်းပညာပိုင်းဆိုင်ရာ သုံးသပ်ချက်များအပြင် ပြင်ဆင်လိုသည့် ပုဒ်မ၊ ဇယားများနှင့် တရားစွဲဆိုခံထားရသူများစာရင်းကို ဖော်ပြထားပြီး ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် ဆက်သွယ်ရေးဝန်ကြီးဌာနအပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ကို ပေးပို့သွားမည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly