ဖမ်းဆီးခံ ဂိမ်းဆိုင်ဝန်ထမ်း ၁၉ ဦး လေးကြိမ်မြောက် အာမခံလျှောက်ထားခဲ့သော်လည်း ထပ်ပယ်ချခံရ

ဖမ်းဆီးခံ ဂိမ်းဆိုင်ဝန်ထမ်း ၁၉ ဦး လေးကြိမ်မြောက် အာမခံလျှောက်ထားခဲ့သော်လည်း ထပ်ပယ်ချခံရ
“ တရားသူကြီးက တရားလိုစစ်ပြီးရင်တော့ အာမခံပေးဖို့ ပြောထားတာ။ ဒါတွေက တရားသူကြီးရဲ့ စီရင်ပိုင်ခွင့်ထဲမှာရှိပါတယ်။

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁ဝ ။              ။ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ City Center ဂိမ်းဆိုင်မှ လောင်းကစားဥပဒေပုဒ်မ - ၁၄(က)ဖြင့် ဖမ်းဆီးခံခဲ့ရသော ဆိုင်ဝန်ထမ်း ၁၉ ဦးအတွက် လေးကြိမ်မြောက် အာမခံ လျှောက်ထားခဲ့သော်လည်း တရားလို စစ်ဆေးမပြီးသေးသည့်အတွက် ပယ်ချခံခဲ့ရသည်ဟု လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွတ်တော်ရှေ့နေ ဦးမောင်မောင်စိုး ကပြောသည်။

အဆိုပါ အာမခံလျှောက်ထားမှုကို ယနေ့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ပန်းဘဲတန်းမြို့နယ်တရားရုံး၌ တရားလိုဘက်မှ ဒုရဲမှူးဦးညိုပုကို စစ်ဆေးအပြီးတွင် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပန်းဘဲတန်းမြို့နယ် တရားသူကြီးက တရားလိုကို စစ်ဆေးမပြီးသေးသည့်အတွက် အာမခံပယ်ချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ ထပ်ပြီးတော့ တရားလိုလည်း စစ်ပြီးလို့ အာမခံလျှောက်လို့ မရရင်တော့ ခရိုင်ကို တက်ရတော့မှာပေါ့။ မတတ်နိုင်ဘူးလေ။ ဆိုတော့ အမှုက မပြတ်နိုင်ဘူးဗျာ ကြာမယ်။ အမှုတွဲကြီးခေါ်ရဦးမှာနဲ့။ ပေးတာ၊ မပေးတာနဲ့။ ကာယကံရှင် မိသားစုတွေကလည်း တစ်ပတ်တစ်ခါ လာရတာမလွယ်ဘူးဗျာ။ နယ်တွေကလာရတာ။ ကျွန်တော်တို့ကတော့ ဒီတစ်ခါ အဲ့ဒီလိုစဉ်းစားထားတယ်။ လျှောက်လို့ ပယ်ရင်တော့ ခရိုင်တက်မယ် ”ဟု ဦးမောင်မောင်စိုးက ရှင်းပြ သည်။

အာမခံလျှောက်ထားခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ၄ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁၇ ရက် တွင် တစ်ကြိမ်၊ ၂၆ ရက်နေ့တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တစ်ကြိမ်နှင့် ယနေ့ ၁ဝ နေ့တွင် တစ်ကြိမ် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း လိုက်ပါကူညီပေးနေသည့် မှော်ဘီမြို့နယ် NLD ပါတီဝင် ဦးမျိုးမြင့်အောင်က ပြောသည်။

“ တရားသူကြီးက တရားလိုစစ်ပြီးရင်တော့ အာမခံပေးဖို့ ပြောထားတာ။ ဒါတွေက တရားသူကြီးရဲ့ စီရင်ပိုင်ခွင့်ထဲမှာရှိပါတယ်။ အခုက သေဒဏ်၊ ကျွန်းဒဏ်ကျတဲ့အမှုမျိုးမဟုတ်သလို၊ ခိုးဆိုးနှိုက်၊ ဆေးဝါးမှုတို့၊ လူသတ်မှု၊ မုဒိမ်းမှုမျိုးလည်းမဟုတ်တဲ့အတွက် တရားသူကြီးရဲ့ စေတနာ၊ မေတ္တာနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ထဲက ပေးမယ်ဆိုရင်တော့ ဒီဝန်ထမ်းကလေးငယ်တွေ၊   ကျောင်းသားလူငယ်တွေနဲ့ ရပ်ဝေးက နေလာရတဲ့ သူတို့မိဘတွေရဲ့ ဒုက္ခတွေဟာ ဒီအာမခံကြောင့် အနည်းငယ်တော့ ဖြေလျော့ သွားနိုင်တယ်လို့ ပြောချင်ပါတယ်”ဟု ဦးမျိုးမြင့်အောင်က ဆိုသည်။

ယင်းဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့၊ ည ၇ နာရီခန့်အချိန် City Center ဂိမ်းဆိုင်တွင် အကြွေစေ့များဖြင့် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဆိုင်မန်နေဂျာ၊ ဆိုင်ဝန် ထမ်း ၁၉ ဦးနှင့် လာရောက်ကစားသူ စုစုပေါင်း ၆၇ ဦးကို ပန်းဘဲတန်းမြို့မရဲစခန်းမှ လောင်းကစားဥပဒေပုဒ်မ - ၁၃(က)၊ ၁၄ - (က) ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ဆိုင်ပိုင်ရှင်မှာ ထွက်ပြေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ၆၇ ဦးကို ဇန်နဝါရီ ၁၇ ရက်နေ့တွင် ကြားဖြတ်တရားစွဲခဲ့ပြီး ထိုနေ့တွင် ဖမ်းဆီးခံသူများ ထဲမှ ၄၈ ဦးကို ထိုးသားအနေဖြင့် ပုဒ်မ - ၁၃(က)ဖြင့် အာမခံပေးခဲ့ပြီး ဝန်ထမ်းလူငယ် ၁၉ ဦးကို လောင်းကစား ဒိုင်ပုဒ်မ - ၁၄(က)ဖြင့် အာမခံမပေးဘဲ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ထပ်မံ၍ လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ပန်းဘဲတန်းတရားရုံးတွင် တရားလို ဘက်မှ ဒုရဲမှူးဦးညီပုကို ဆက်လက်စစ်ဆေးရန် ရုံးချိန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly