တောင်အာဖရိကလွှတ်တော်မှာ သမ္မတဇူးမား နိုင်ငံတော် မိန့်ခွန်းပြောစဉ် သတ်ပုတ်ရန်ပွဲဖြစ်ပွား

တောင်အာဖရိကလွှတ်တော်မှာ သမ္မတဇူးမား နိုင်ငံတော် မိန့်ခွန်းပြောစဉ် သတ်ပုတ်ရန်ပွဲဖြစ်ပွား

ကိတ်တောင်း၊ ဖေဖော်ဝါရီ ၁၀ ။                  ။ တောင်အာဖရိကနိုင်ငံက လွှတ်တော်အတွင်း သမ္မတ ဂျက်ကော့ဇူးမား နိုင်ငံတော်မိန့်ခွန်းပြောဖို့ လုပ်ချိန်မှာ အတိုက်အခံအမတ်တွေနဲ့ အစောင့်တွေကြား အပြန်အလှန်ထိုးကြိတ်သတ်ပုတ်မှု ဖြစ်ပွားပါတယ်။

အတိုက်အခံအမတ်တွေက သမ္မတ ဇူးမား မိန့်ခွန်းပြောဖို့ လုပ်ချိန်မှာ အော်ဟစ်ကြလို့ အဖြူရောင်ဝတ်စုံကိုယ်စီနဲ့ အစောင့်တွေ လာရောက်ဆွဲထုတ်ရာကနေ အပြန်အလှန်သတ်ပုတ်ကြတာပဲဖြစ်ပါတယ်။

သမ္မတရဲ့ တစ်နာရီကျော်ကြာ မိန့်ခွန်းပြောမှာကို အလုပ်သမားဝတ်စုံအနီရောင်နဲ့ ဘယ်ရီကက်ဦးထုပ်တွေပါ ဆောင်းထားကြတဲ့ EFF ပါတီဝင် ၂၅ ယောက်ခန့်က ကဖျက်ကယက်လုပ်တာကြောင့် အစောင့်တွေက အင်အားသုံး ဆွဲထုတ်တာဖြစ်ပါတယ်။

လက်ဝဲစွန်းရောက် စီးပွားရေးလွတ်လပ်ခွင့် တိုက်ခိုက်ရေးသမားများဆိုတဲ့ EFF ပါတီဟာ အရင်ကလည်း ခုလို သမ္မတမိန့်ခွန်းပြောတာကို အနှောင့်အယှက်ပေးဖူးပါတယ်။

“ခင်ဗျားတို့အပေါ် ကျွန်တော်တို့ စိတ်ရှည်သီးခံပေးနေတယ်။ ခင်ဗျားတို့ရဲ့ ဆန္ဒကို ဖော်ထုတ်လို့ရအောင် အခွင့်အရေးပေးဖို့ ကျွန်တော်တို့က ကြိုးစားနေပါတယ်။ ဒါပေမယ့် ဒါကို အလွဲသုံးစားလုပ်ခံရတယ်။”လို့ လွှတ်တော်ဥက္ကဌ ဘာလီကာက EFF အမတ်တွေ ဆွဲထုတ်မခံရခင်မှာ ပြောပါတယ်။

သမ္မတ ဇူးမားအနေနဲ့ လွှတ်တော်မှာ နှစ်ပတ်လည်နိုင်ငံတော် မိန့်ခွန်းပြောတိုင်း EFF ပါတီဝင်တွေရဲ့ အနှောင့်အယှက်ပေးလို့ ပွဲပျက်ရတာက သုံးနှစ်သုံးကြိမ် ရှိပါပြီ။

အာဏာရအာဖရိကအမျိုးသားပါတီရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတ ဇူးမားဟာ ခုလို အမျိုးသားလွှတ်တော်အတွင်း ပွဲဖျက်ခံရတာကို စိတ်အနှောင့်အယှက်ဖြစ်ပုံမရပါဘူး။ နောက်ပိုင်းမှာ သူရဲ့ ကိုယ်ပိုင်ဟန်အတိုင်း မခိုးမခန့် ရယ်ကာမောကာနဲ့ စင်မြင့်ထက်မှာ မိန့်ခွန်းပြောလိုက်တော့တာပဲဖြစ်ပါတယ်။

EFF ခေါင်းဆောင် ဂျူလီယက်စ်မာလီမာက အစောင့်တွေရဲ့ ဆွဲထုတ်တာ ခံရချိန်မှာ ဇူးမားကို “ပြုပြင်လို့မရတဲ့ သူ ၊ ကျီးအာသီး”ဆိုပြီး အော်ဟစ်ပြောဆိုသွားပါတယ်။

အသက် ၇၄ နှစ်ရှိနေပြီဖြစ်တဲ့ ဇူးမားဟာ နိုင်ငံတွင်းမှာ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတျွှေွ၊ အဆိုးဝါးဆုံး အလုပ်လက်မဲ့နှုန်းအခြေအနေတွေနဲ့ စီးပွားရေးချည့်နဲ့နေခြင်းတွေကြောင့်   ပြည်သူတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly