အမေရိကန်ကို တရုတ်က ကုန်သွယ်ရေး မတော်မတရားကျင့်နေတယ် ပြောဆိုဖူးတဲ့ ဒေါ်နယ်ထရမ့်က သမ္မတ ရှီကျင့်ဖျင်ထံ ကျေးဇူးတင်ကြောင်း စာပို့

အမေရိကန်ကို တရုတ်က ကုန်သွယ်ရေး မတော်မတရားကျင့်နေတယ် ပြောဆိုဖူးတဲ့ ဒေါ်နယ်ထရမ့်က သမ္မတ ရှီကျင့်ဖျင်ထံ ကျေးဇူးတင်ကြောင်း စာပို့

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ ၉ ။       ။ အာရှရဲ့ အင်အားအကြီးဆုံး တရုတ်နိုင်ငံထံမှ ဂုဏ်ယူကြောင်း စာတစ်စောင် ရပြီးနောက် သီတင်းပတ်တွေအကြာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ ကျေးဇူးတင်ကြောင်း စာပြန်ပို့ခဲ့တယ်လို့ အိမ်ဖြူတော်ကပြောပါတယ်။

ကုန်သွယ်ရေးကနေ လုံခြုံရေး အရေးကိစ္စတော်တော်များများမှာ တရုတ်အပေါ် တင်းတင်းမာမာ ရပ်တည်ပုံရတဲ့ ဘီလျှံနာသူဌေး ဒေါ်နယ်ထရမ့်နဲ့ အဆက်အဆံဖြစ်ထွန်းဖို့ တရုတ်က ရင်တမမစောင့်ဆိုင်းနေခဲ့ရတာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမဲဆွယ်ကာလတွေတုန်းက ဒေါ်နယ်ထရမ့်က အမေရိကန်အလုပ်အကိုင်တွေကိုတရုတ်က ခိုးယူနေတယ်ဆိုပြီး တိုက်ခိုက်ပြောဆိုခဲ့သလို တရုတ်အပေါ် အခွန်အတုပ် ကြီးကြီးမားမား ကောက်ခံမယ်လို့ ခြိမ်းခြောက်ထားခဲ့တာလည်းဖြစ်ပါတယ်။

ထရမ့်ရဲ့ ယခုပြန်ကြားလွှာမှာတော့ သူ့အနေနဲ့ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးအကျိုးဖြစ်ထွန်းမယ့် ဆက်ဆံရေးကို ရှေးရှုသွားမယ်လို့ ရေးသားထားကြောင်း ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာက ဆိုပါတယ်။

ပြီးခဲ့တဲ့လက သမ္မတအဖြစ်နဲ့ ကျမ်းဆိုပြီးနောက်ပိုင်းမှာ ဒေါ်နယ်ထရမ့်ဟာ ပြည်ပခေါင်းဆောင် ဒါဇင်ကျော်နဲ့ ဖုန်းပြောဆို ဆက်သွယ်ခဲ့ပြီးဖြစ်ပါတယ်။

ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံခေါင်းဆောင်ကို ဖုန်းဆက်သွယ်တာမဟုတ်ဘဲ စာပို့ဖို့ ထရမ့် ဆုံးဖြတ်လိုက်တာက အရေးမစိုက်တဲ့ သဘောမျိုး မှတ်ယူနိုင်စရာလည်းဖြစ်နေပါတယ်။

အမေရိကန်ကို ကုန်သွယ်ရေးကနေ တရုတ်က မတော်မတရားကျင့်ကြံနေတယ်လို့ ပြောဆိုထားခဲ့ဖူးတဲ့ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ တရုတ်နဲ့ ရှေ့ဆက် ဘယ်လိုဆက်ဆံ သွားမလဲဆိုတာ မေးခွန်းများ မြင့်တက်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly