ညောင်ချောင်းသာ အပန်းဖြေစခန်း တရားဝင် စတင်ဖွင့်လှစ်ခဲ့

ညောင်ချောင်းသာ အပန်းဖြေစခန်း တရားဝင် စတင်ဖွင့်လှစ်ခဲ့

ညောင်တုန်း ဖေဖော်ဝါရီ ၉ ။             ။ လာရောက် အနားယူ၊အပန်းဖြေသူများဖြင့် နှစ်စဉ်စည်ကားလာသည့် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ညောင်ချောင်းသာ အပန်းဖြေစခန်းကို ဖေဖော်ဝါရီလ ၈ ရက်၊ ညနေပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။

ဧရာဝတီတိုင်း၊ညောင်တုန်းမြို့၏ အနောက်ဘက်၊ရန်ကင်းစံရာကျေးရွာရှိ ညောင်ချောင်းသာ အပန်းဖြေစခန်းဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ယခင်နေရာထက် ပိုမို ကျယ်ဝန်းသည့်နေရာကို ရွေးုချယ်၍ အပန်းဖြေစခန်းကို ပြောင်းလဲဖွင့်လှစ်ထားပြီး ကမ်းခြေကို ကားများ တိုက်ရိုက်ဆင်းနိုင်သည်ဟု သိရသည်။

သဲသောင်ပေါ်တွင် ရေကစားနိုင်အောင်၊ဘေးအန္တရာယ်ကင်းအောင် အစီအစဉ်များ ဆောင်ရွက်ထားသည်ဟု ညောင်တုန်းမြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက ပြောသည်။

"အပန်းဖြေစခန်းရဲ့ လုံခြုံရေးအတွက် ရဲတပ်စိတ်(၁)စိတ်နဲ့ မီးသတ်တွေ၊ ကြက်ခြေနီတွေ၊စည်ပင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပြီးတော့ ဈေးဆိုင်တွေနဲ့ ကမ်းစပ်ကို ပေ ၅ဝဝ အကွာအဝေးထားတဲ့အတွက် အရင်ကထက် ပိုပြီး စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားတယ်" ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက ပြောသည်။

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ဧရာဝတီတိုင်း၊ညောင်တုန်းမြို့၏ အနောက်ဘက်၊ရန်ကင်းစံရာကျေးရွာရှိ ညောင်ချောင်းသာ ကမ်းခြေကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများက အပန်းဖြေကမ်းခြေ အဖြစ် ဖန်တီးခဲ့ပြီးနောက်ပိုင်း သဘာဝသဲသောင်ပြင်အလှနှင့် ဒေသထွက်စားသောက်ကုန်တွေက တစတစနှင့် လူသိများလာစေသည်ဟု ဒေသခံ ကျေးရွာသားတွေက ဆိုသည်။

"ဒီမှာ နှစ်တိုင်း ဈေးရောင်းချသူတွေက ကျွန်တော်တို့ ရန်ကင်းစံရာကျေးရွာ ဒေသခံတွေ များပါတယ်။ မနှစ်ကလည်း ဒီမှာ တော်တော်စည်တယ်။ တပေါင်း၊ တန်ခူးဆို ကျိတ်ကျိတ်တိုး စည်ကားတယ်" ဟု စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူ ရန်ကင်းစံရာ(အနောက် ကျွန်း)ကျေးရွာသား ဦးအေးလွင်က မဇ္ဈိမကို ပြောသည်။

သဲသောင်မြေပေါ်မှာ ပေ ၃၀×၁၅ စားသောက်ဆိုင်ခန်း ၆ဝ ကို မဲစနစ်ဖြင့် စနစ်တကျနေရာ ချထားပေးထား သည်။

ဆိုင်ခန်း ၁ ခန်းကို ၇သိန်းနီးပါး ပေးသွင်းရပြီး လုပ်ငန်းအချို့ကို လေလံစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားပြီး အပန်းဖြေစခန်းမှ ရရှိသော စည်ပင်အခွန်ငွေ သိန်းတစ်ထောင်ကျော်အား   ညောင်တုန်းမြို့အတွက်   ပြန်အသုံးချမည်ဟု မြို့နယ် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်း က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly