ပြန်ပေးဆွဲခံရပြီး ပျောက်နေသည့် ပါကစ္စတန် ဘလော့ဂါ ပြန်ပေါ်လာ

ပြန်ပေးဆွဲခံရပြီး ပျောက်နေသည့် ပါကစ္စတန် ဘလော့ဂါ ပြန်ပေါ်လာ

ဖေဖော်ဝါရီ ၉ ။              ။ ပြန်ပေးဆွဲခံရပြီး သီတင်းပတ်များစွာကြာ ပျောက်ကွယ်နေခဲ့သည့် ပါကစ္စတန် တက်ကြွလှုပ်ရှားသူတစ်ဦး ယခုအခါ လူထု၊မီဒီယာတို့နှင့် ပြန်လည်ထိတွေ့   ပြောကြားလာခဲ့သည်ဟု သိရသည်။

Ahmad Waqass Goraya အမည်ရ ပါကစ္စတန် ဘလော့ဂါမှာ ပြီးခဲ့သည့်လက ပြန်ပေးဆွဲခံခဲ့ရပြီး ပျောက်ကွယ်နေခဲ့သူလည်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ပြန်လည်ပေါ်ထွက်လာခဲ့သော်လည်း ၎င်းကို ပြန်ပေးဆွဲခေါ်ဆောင်သူများမှာ မည်သူမည်ဝါဖြစ်သည်နှင့် ယင်းကာလအတွင်း ဖြစ်ပျက်ခဲ့သမျှအကြောင်းတို့ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သွားခဲ့သည်။

Ahmad မှာ ဇန်နဝါရီလအစောပိုင်းက ပါကစ္စတန်တွင် ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည့် တက်ကြွလှုပ်ရှားသူ ငါးဦးအနက်က တစ်ဦးလည်း ဖြစ်သည်။

မကြာခဏဆိုသလို ထိုကဲ့သို့ နိုင်ငံရေးအတိုက်အခံများ လူမသိသူမသိ ပျောက်ကွယ်နေမှုများ ဖြစ်နေခဲ့သည့် ယင်းနိုင်ငံတွင် ယခုနောက်ပိုင်း ထပ်တလဲလဲဖြစ်ပွားနေခဲ့သည့် ပျောက်ကွယ်မှုများတွင် အစိုးရ၏ ပါဝင်ပတ်သက်မှု ရှိနေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့များ၊ ဥပဒေသမားများနှင့် တက်ကြွလှုပ်ရှားသူများက ပြောထားသည်။

Ahmad မှာ ဇန်နဝါရီလကုန်ပိုင်းတွင်မှ ပြန်လွတ်လာခဲ့သည်ဟု သိရပြီး ယင်းနောက် ရုတ်ခြည်းပင် နိုင်ငံမှ ခွာကာ နယ်သာလန်သို့  သွားရောက်နေထိုင်နေပြီဖြစ်သည်။

" လောလောဆယ်တော့ ပါကစ္စတန်ကို ဘယ်တော့မှ ပြန်မသွားရတော့ဘူးလို့ တွေးမိထားပါတယ်၊ ကျွန်တော့သားရော၊ ကျွန်တော့်မိသားစုကိုပါ ဘယ်တော့မှ တွေ့ရတော့မယ် မထင်ပါဘူး" ဟု အသက် ၃၄ နှစ်အရွယ် Ahmad က အေအက်ဖ်ပီသို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုသွားခဲ့သည်။

Ahmad မှာ အခြားသော တက်ကြွလှုပ်ရှားသူများကဲ့သို့ ဘာသာရေးအစွန်းရောက်မှု၊ စစ်တပ်၏ အခန်းကဏ္ဍတို့နှင့်ပတ်သက်၍ ဝေဖန်ခဲ့သူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly