လူကုန်ကူးခံရသည့် ဗီယက်နမ် သတို့သမီးလောင်း ၃၂ ဦးအား တရုတ် ရဲတပ်ဖွဲ့ ကယ်တင်

လူကုန်ကူးခံရသည့် ဗီယက်နမ် သတို့သမီးလောင်း ၃၂ ဦးအား တရုတ် ရဲတပ်ဖွဲ့ ကယ်တင်

ဖေဖော်ဝါရီ ၉ ။                ။ တရုတ်အမျိုးသားများနှင့် လက်ထပ်ခိုင်းရန် ရောင်းချခံခဲ့ရသော ဗီယက်နမ် အမျိုးသမီး ၃၂ ဦးကို ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောသည်။

အလားတူ လူကုန်ကူးဂိုဏ်းတစ်ခုနှင့် ပတ်သက်နေသည်ဟု သံသယရှိသူ ၇၅ ဦးကိုလည်း ရဲများက ဖမ်းဆီးထားကြောင်းနှင့် ၎င်းတို့ဂိုဏ်းမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ ယူနန်ဒေသသို့ လာရောက်ရန် အမျိုးသမီးများကို မက်လုံးပေး သွေးဆောင်နေခဲ့သည့် အဖွဲ့ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဗီယက်နမ်နဲ့ ထိစပ်နေသော နယ်စပ်အနီးရှိ ယင်းဒေသတွင် လူကုန်ကူးခံရသော အမျိုးသမီးများကို ထိန်းသိမ်းထားကာ နိုင်ငံအရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများမှ အမျိုးသားများထံသို့ ရောင်းချလက်ထပ်ခိုင်းနေခဲ့ခြင်း ဖြစ်ကြောင်းလည်း နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်သွားသည်။

ကိုယ်တိုင်လူကုန်ကူးခံခဲ့ရသူ အမျိုးသမီးတစ်ဦးကလည်း ၎င်း၏ ကြုံတွေ့ခဲ့ရပုံကို အောက်ပါအတိုင်း ပြောကြားသွားသည်။ " ကျွန်မ ထွက်ပြေးဖို့ လုပ်ခဲ့တယ်၊ အဲဒီမှာ ယောကျ်ားကြီး နှစ်ယောက်က ကျွန်မကို ပြန်ပြီး ဖမ်းမိသွားတော့ စတီးလ်ပိုက်နဲ့ ရိုက်တော့တာပါပဲ၊ နောက်ပြီး ကျွန်မကို သူတို့နဲ့ လက်ထပ်ဖို့ ပြောတယ်၊ ကျွန်မငြင်းတော့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်" ဟု ပြောခဲ့သည်။

သတို့သမီးလောင်း လူကုန်ကူးမှု ဖြစ်စဉ်မှာ တရုတ်နိုင်ငံတွင် အဖြစ်များနေပြီး ဖြေရှင်းရမည့် အဓိကပြဿနာတစ်ရပ် ဖြစ်နေသည်။ အမျိုးသား၊ အမျိုးသမီး ဦးရေ မညီမမျှဖြစ်နေသော ယင်းနိုင်ငံတွင် ပြည်တွင်း၌ အိမ်ထောင်ဘက် ရှာမရဖြစ်နေသော အမျိုးသားများထံသို့ ထိုကဲ့သို့ သတို့သမီးလောင်းများ ရောင်းချပေးသည့် အလေ့ ရှိနေခဲ့ခြင်းဖြစ်သည်။

အဓိကအားဖြင့် ဆင်းရဲနွမ်းပါးသော နယ်ဒေသများတွင် ယင်းပြဿနာအဖြစ်များနေခဲ့ပြီး ယင်းတို့တွင် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ တောင်သူများမှာ တရုတ်သတို့သမီးလောင်းအတွက် ကုန်ကျရမည့် ခန်းဝင်ပစ္စည်းဖိုး မတတ်နိုင်သည့်အတွက်ကြောင့် နိုင်ငံရပ်ခြားမှ အကုန်အကျသက်သာသည့် သတို့သမီးလောင်းတစ်ဦးကို ဝယ်ယူတတ်ကြသည့် အလေ့ဖြစ်နေလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly