မြေလွတ်မြေရိုင်းများအား စိုက်ပျိုးခွင့် လျှောက်ထားမှု ကြန့်ကြာနေဟု ဆို

မြေလွတ်မြေရိုင်းများအား စိုက်ပျိုးခွင့် လျှောက်ထားမှု ကြန့်ကြာနေဟု ဆို

မုံရွာ၊ ဖေဖော်ဝါရီ ၉ ။            ။ မြေလွတ်မြေရိုင်းများအား စိုက်ပျိုးခွင့် လျှောက်ထားရာတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်ရှိ ကျေးလတ်နေတောင်သူများသည် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ကိုင်စားသောက်ခွင့်   လျှောက်ထားခဲ့သော်လည်း  ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"၂၀၁၀-၁၁ ရာသီကတည်းက စိုက်ပျိုးခွင့် လျှောက်ထားခဲ့တယ်။ အခုချိန်ထိ လုပ်ပိုင်ခွင့်ချမပေးဘူး။ နိုင်ငံတော်အတွက်ကိုလည်း အခွန်လျော့နည်းစေသလို ကျေးလက်တောင်သူတွေအတွက်ကိုလည်း အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဆင်းရဲမှုလျှော့ချရေးကိုလည်း အဟန့်အတား ဖြစ်စေပါတယ်" ဟု ဖောင်းပြင်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောသည်။

မြေလွတ်မြေရိုင်းအသုံးပြုခွင့်များအား ချထားပေးခဲ့ပါက နိုင်ငံတော်၏ စိုက်ပျိုးမြေ တိုးတက်လာခြင်း၊ အခွန်ငွေများပိုမိုရရှိလာခြင်း၊ နိုင်ငံခြားပို့ကုန် အရေအတွက်တိုးလာကာ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာနိုင်ခြင်း၊ တို့အတွက် အကျိုးရှိလာနိုင်ကြောင်း ၎င်းကသုံးသပ်သည်။

ယင်းသို့မြေလွတ်မြေရိုင်းများအား လုပ်ပိုင်ခွင့်လျှောက်ထားပါက သတ်မှတ်ပုံစံနှင့်အညီ လျှောက်ထားရမည်ဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေနှင့်ညီပါက လုပ်ပိုင်ခွင့် ချထားပေးလျက်ရှိကြောင်း၊ ၂၀၁၀-၁၁ ရာသီက လျှောက်ထားခြင်းသည် မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ အသက်မဝင်သေးသည့် အချိန်ဖြစ်၍ ပြန်လည်လျှောက်ထားကြရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဥပဒေကို ၂၀၁၂ ခုနှစ် မတ်လက နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးပြဌာန်းခဲ့ပြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၁၂ သြဂုတ်လက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly