တွက်ချက်စဉ်းစားရသော အင်္ဂလိပ်စာ၊ သချင်္ာဖြေဆိုချိန် ထပ်မံတိုးပေးရန် မျက်မမြင်ကျောင်းသားများ တောင်းဆို

တွက်ချက်စဉ်းစားရသော အင်္ဂလိပ်စာ၊ သချင်္ာဖြေဆိုချိန် ထပ်မံတိုးပေးရန် မျက်မမြင်ကျောင်းသားများ တောင်းဆို

ဖေဖော်ဝါရီလ ၈ ။               ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် မျက်မမြင်ကျောင်းသား၊ ကျောင်းသူများ အတွက် သင်္ချာဘာသာနှင့် အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာတွင် အချိန်တစ်နာရီ  ပိုပေးစေလိုကြောင်း မျက်မမြင် ကျောင်းသား၊ကျောင်းသူအချို့မှ တောင်းဆိုမှု ရှိနေသည်။

လက်ရှိတွင် မျက်မမြင်နှင့် မသန်စွမ်းများအားလုံးကို သာမန်ဖြေဆိုချိန်ထက် နာရီဝက်အချိန်ပို ပေးထားရာမှ နောက်ထပ် နာရီဝက် ထပ်မံရရှိရန် လိုလားနေခြင်း ဖြစ်သည်ဟု ဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် မျက်မမြင်ကျောင်းသားများကို ကိုးတန်းကျောင်းသားများက မေးခွန်းဖတ်ပြရပြီး မျက်မမြင်ကျောင်းသားများ ပြောကြားချက်ကို ဖြေဆိုပေးရခြင်းဖြစ်သည်။

ကျန်သည့်ဘာသာရပ်များတွင် အခက်အခဲမရှိသော်လည်း အင်္ဂလိပ်စာနှင့် သင်္ချာတွင်မူ ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းများ အပြန်အလှန်ပြောဆိုရာတွင် အလွယ်တကူ နားမလည်သည့် အခက်အခဲများရှိနေကြောင်း သိရသည်။

ကူညီပေးသည့် ကိုးတန်းကျောင်းသားအချို့က တက္ကသိုလ်ဝင်တန်း သင်္ချာနှင့် အင်္ဂလိပ်စာဝေါဟာရ အချို့နှင့် မရင်းနှီးသေးသလို စိတ်မရှည်သည့်အခက်အခဲအချို့လည်း ရှိနေသည်ဟု ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းသားတစ်ဦးက ပြောသည်။

"ကျက်စာတွေကအချိန်ပိုမလိုဘူးဗျ။ ၃ နာရီ ခွဲတောင် မလိုဘူး။ ကျွန်တော်တို့အစောကြီးပြီးနေတာပဲ ။သင်္ချာ နဲ့ အင်္ဂလိပ်ကို ဖြစ်နိုင်ရင် နည်းနည်းလေး အချိန်နာရီဝက် ပိုပေးမယ်ဆိုရင် ပိုကောင်းနိုင်မယ် " ဟု တက္ကသိုလ်သင်တန်းဖြေဆိုမည့် ရန်မျိုးကျော်ကပြောသည်။

ရန်ကုန်ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ (၈) ဦး ကို ဒီဇင်ဘာလမှစတင်ကာ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်နေပြီး ထို့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ရေးအဖွဲ့ ကိုလည်း ဖွဲ့စည်းထားကြောင်းသိရသည်။

"နှစ်အစထဲကပေါ့နော်။ ပုံမှန် ကျက်ပေးတယ်။ သူတို့ကို ကျူရှင်ဆရာရော၊ Guide ရော ခေါ်ပေးထားတယ်။ ပိုပြီးထူးခြားမှု လုပ်ပေးတာ။ ဒီဇင်ဘာလက စပြီး သူတို့ကို Camp သွင်းလိုက်တယ်။ အာဟာရတွေ ကျွေးတယ်။ သီးသန့်ခန်းမှာ ထားတယ်။ စာကျက်တာကို စောင့်ရှောက်ဖို့အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ဖို့အတွက် ကြီးကြပ်မှုဖွဲ့လိုက်တယ်" ဟု ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်စုစုမာက ပြောသည်။

အဆိုပါ ရန်ကုန်ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ယမန်နှစ်က တက္ကသိုလ်ဝင်တန်းဖြေဆိုသူ (၁၀) ဦးရှိသည့် အနက် ၄ဦး အောင်မြင်ခဲ့သည် ။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျက်မမြင်များ အပါအဝင် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူ (၁၀၀)ကျော် ဝင်ရောက်ဖြေဆိုသွားမည် ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly