ပုဂ္ဂလိကကျွန်းစိုက်ခင်း လျှောက်ထားမှု တိုင်းအစိုးရ ထောက်ခံခြင်းမပြုတော့

ပုဂ္ဂလိကကျွန်းစိုက်ခင်း လျှောက်ထားမှု တိုင်းအစိုးရ ထောက်ခံခြင်းမပြုတော့

မုံရွာ၊ ဖေဖော်ဝါရီ ၈။            ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကျွန်းစိုက်ခင်းများ လျှောက်ထားမှုများတွင် တိုင်းအစိုးရမှ ထောက်ခံခြင်းမပြုကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ကုမ္ပဏီများမှ လျှောက်ထားရာတွင် တိုင်းအစိုးရအနေဖြင့် ပြည်ထောင်စုသို့ ထောက်ခံပေးခြင်း မပြုတော့ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ ကုမ္ပဏီတစ်ချို့သည် သစ်တောများအား အပြောင်ရှင်းစနစ်ဖြင့် ခုတ်ယူပြီး ပုဂ္ဂလိကကျွန်းစိုက်ခင်းအဖြစ် တည်ထောင်ကြောင်း၊ သို့သော်လည်းနိုင်ငံတော်မှ အကျိုးအမြက် မရရှိခဲ့ကြောင်း ဗန်းမောက်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးညီညီဟန်က ပြောသည်။

ပုဂ္ဂလိကကျွန်းစိုက်ခင်းလျှောက်ထားမှုများအား ခွင့်မပြုသင့်ကြောင်း ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့ရာ လွှတ်တော်မှလည်း သဘောတူလက်ခံခဲ့ကြောင်း ၎င်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးမှလည်း ဆွေးနွေးခဲ့ပြီး လွှတ်တော်၏သဘောထားကို ရယူရန်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ ကိုယ်စားလှယ် ၁၀၁ ဦးရှိသည့်အနက် ထောက်ခံသူ ၅၆ ဦး ၊ ကြားနေသူ ၁၄ ဦး နှင့် ကန့်ကွက်သူ ၃၁ ဦး တို့ ရရှိခဲ့ပြီး အဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly