ဇူလိုင် ၂၄ ။ ။ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် CLMV နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများတွင် ရင်းနှီးမြုပ်နံှမှု မြင့်တင်ရန် ကြိုးပမ်းမည်ဟု အိန္ဒိယနိုင်ငံထုတ် the Live Mint သတင်းစာက ဖော်ပြသည်။
ဘီဂျေပီပါတီ ဦးဆောင်သော အမျိုးသားဒီမိုကရက်တစ်မဟာမိတ်ညွန်ပေါင်း၏ Act East မူဝါဒသည် အရှေ့တောင် အာရှတွင် စီးပွားရေးနှင့် မဟာဗျူဟာဆက်ဆံရေးချဲ့ထွင်ရန် ရည်ရွယ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး အေရွန်ဂျိတ်တလီ၏ ပြောကြားချက်ကို Live Mint သတင်းစာက ဇူလိုင် ၂၃ ၌ ဖော်ပြသည်။
"ဒီဒေသမှာ အိန္ဒိယပုဂ္ဂလိကကဏ္ဍကနေ ရင်းနှီးမြုပ်နှံမှုတွေကို အထောက်အကူဖြစ်စေဖို့ စီမံကိန်းဖွံ့ဖြိုးရေးကုမ္ပဏီ တစ်ခုဟာ အထူးစီစဉ်ထားတဲ့မော်တော်ကားတွေကိုအတွက် CLMV နိုင်ငံတွေမှာ ထုတ်လုပ်ရေးဗဟိုချက်တွေ တည်ဆောက်သွားမှာပါ။" ဟု ၎င်းကပြောသည်။
စီမံကိန်းဖွံ့ဖြိုးရေးကုမ္ပဏီကို အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ် (Exim Bank) က အဆင့်မြင့်ပေးထားသည့် အတိုင်ပင်ခံ ကုမ္ပဏီ တစ်ခုဖြစ်သည့် Global Procurement Consultants က စီမံခန့်ခွဲမည်ဖြစ်သည်။
ဖွံ့ဖြိုးရေးကုမ္ပဏီသည် ပုဂ္ဂလိကရှယ်ယာများပါဝင်သော ခိုင်မာသည့် လက်အောက်ခံကုမ္ပဏီများကို ဖွဲ့စည်းပြီး အထူးမော်တော် ကားများ ထုတ်လုပ်ရန် အထူးစီးပွားရေးဇုန် သို့မဟုတ် စက်မှုဇုန်တစ်ခု ရယူလုပ်ဆောင်သွားမည်ဖြစ်သည်။
ဗီယက်နမ်အား ပထမဆုံးရင်းနှီးမြုပ်နှံမှု ပြုလုပ်မည့် နေရာအဖြစ် မျှော်လင့်ထားပြီး အထည်အလိပ်လုပ်ငန်းများ၌ ဖြစ်ဖွယ်ရှိသည်။ ထို့အပြင် ဗီယက်နမ်သည် ပိစိဖိတ်ဖြတ်ကျော် မိတ်ဖက်သဘောတူညီချက်အတွက် စေ့စိပ်ညိနှိုင်းမှု ပြုလုပ်နေသည့် ၁၂ နိုင်ငံတွင် ပါဝင်သည်။
ဗီယက်နမ်တွင် လုပ်ငန်းတည်ရှိမှုက အမေရိကန်နှင့် ကနေဒါ အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဈေးကွက်သို့ ဝင်ရောက်ရေး လွယ်ကူချောမောလိမ့်မည်ဟု အိန္ဒိယက မျှော်လင့်ထားသည်။
၂၀၁၃-၂၀၁၄ ခုနှစ်၌ CLMV နိုင်ငံများသို့ အိန္ဒိယ၏ ပို့ကုန်မှာ ၃၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ဒသမ၄ဘီလျံ အထိ ရှိသော်လည်း ယင်းနိုင်ငံများမှ တင်သွင်းမှုတန်ဘိုးမှာ ၄ဒသမ၂ရာခိုင်နှုန်းသာ တက်ခဲ့ပြီး အမေရိကန်ဒေါ်လာလေးဘီလီယံ ရှိခဲ့သည်။
Ref; the Live Mint