လန်ဒန်၊ ဖေဖော်ဝါရီ ၈ ။ ။ ဆာဘွဲ့ရ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ရစ်ချက်ဘရန်ဆန်ပိုင်တဲ့ ဗြိတိန်ပိုင်နက်က အပန်းဖြေကျွန်းတစ်ကျွန်းမှာ သမ္မတရာထူးကို လွှဲပြောင်းပေးခဲ့ပြီးတဲ့ သမ္မတဟောင်း အိုဘားမားက ပျော်ပျော်ရွှင်ရွင် အပန်းဖြေလျက်ရှိပါတယ်။
ဗြိတိသျှအပျိုစင်ကျွန်းများက မိုစကီတိုကျွန်းကို အိုဘားမားနဲ့ ဇနီးသည် မစ်ရှယ်အိုဘားမားတို့ ရောက်နေတာပါ။ မဲနိုင်တဲ့ ဒေါ်နယ်ထရမ့်ကို သမ္မတရာထူးလွှဲပေးအပြီး ရောက်လာတာလည်းပဲဖြစ်ပါတယ်။
ရေပြင်တွင် ဘုတ်ပြားပေါ် ရပ်လျက် လေတံခွန်ကို တွဲခိုပြီး ရေလွှာလျှောတိုက်စီးကာ ပြုံးပြုံးပျော်ပျော်ရှိနေတဲ့ အိုဘားမားရဲ့ ဓာတ်ပုံကို ရစ်ချက်ဘရန်ဆန်ရဲ့ ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။
“သမ္မတဟောင်းတစ်ဦးဖြစ်တာကြောင့် လုံခြုံရေးတွေတော့ ရှိနေတယ်။ ဒါပေမယ့် အိုဘားမားက တကယ်ကို စိတ်လွတ်လက်လွတ် ပျော်ပျော်ရွင်ရွင်ရှိနေပါတယ်။”ဟု ဘရန်ဆန်က ရေးထားပါတယ်။
ရေလွှာလျှောတိုက်စီးတာကို သမ္မတဖြစ်ချိန်တုန်းက အိုဘားမားကို လုံခြုံရေးတွေက မလုပ်ခိုင်းခဲ့ကြောင်း ဘရန်ဆန်က ဆိုပါတယ်။
ခုချိန်မှာတော့ စွန်လေတံခွန်ကို ဆွဲထားလျက် ကမ်းခြေကနေ လျှောတိုက်ထွက်နိုင်ဖို့ကို နှစ်ရက်လောက် သင်ကြားလိုက်ပြီးနောက်မှာ အိုဘားမားက ရေလွှာလျှောတိုက်စီးခြင်းမှာ ပျော်ရွှင်လျက်ရှိနေပါတော့တယ်။
မိုစကီတိုကျွန်းကို ၂၀၀၇ ခုနှစ်အတွင်းမှာ ဘရန်ဆန်က ဝယ်ယူခဲ့တာဖြစ်ပြီး ဧည့်သည်တော် ၂၂ ဦးလက်ခံနိုင်တဲ့ ဇိမ်ခံအပန်းဖြေအိမ်ကြီးကိုလည်း ကျွန်းပေါ်မှာ တည်ဆောက်ထားပါတယ်။