ရဲသပိတ်က စတင်ပြီး လူဆိုးများ ထကြွသောင်းကျန်းနေသည့် ဘရာဇီးပြည်နယ် အခြေအနေကို ထိန်းရန် စစ်တပ်ကို စေလွှတ်

ရဲသပိတ်က စတင်ပြီး လူဆိုးများ ထကြွသောင်းကျန်းနေသည့် ဘရာဇီးပြည်နယ် အခြေအနေကို ထိန်းရန် စစ်တပ်ကို စေလွှတ်

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၈ ။            ။ ဘရာဇီးနိုင်ငံအတွင်း အီစပီရီတိုဆန်တိုပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရဲတွေရဲ့ ဆူပူသပိတ်မှောက်မှုက အစပြုပြီး လူသေဆုံးမှုတွေပါ ရှိလာတဲ့ ဝရုန်းသုန်းကား အခြေအနေကို ထိန်းသိမ်းရန်အတွက် သမ္မတက စစ်အင်အား ၂၀၀ ကို စေလွှတ်ထားရပြီဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံအနေနဲ့ အဆိုးဝါးဆုံး စံချိန်တင်စီးပွားရေးကျဆင်းမှု ကြုံတွေ့နေတဲ့ ကာလမှာ ပြည်သူ့ဘဏ္ဍာ လျော့နည်းလာမှုရဲ့ နောက်ဆုံးပြယုဂ်တစ်ရပ်လည်း ဖြစ်ပါတယ်။ နိုင်ငံအနေနဲ့ ဘတ်ဂျတ်လိုငွေပြမှုနဲ့ ရုန်းကန်နေရချိန် ပြည်နယ်တစ်ချို့မှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ လုံခြုံရေးကဏ္ဍာတွေ ဆိုးဆိုးဝါးဝါးရှိလာခဲ့ပြီး ခုလိုရဲသပိတ် ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။

ရီယိုဒီဂျနေးရိုးမြို့တော်ရဲ့ မြောက်ဖက်မှာရှိတဲ့ ကမ်းခြေဒေသ အီစပီရီတိုဆန်တိုပြည်နယ်က ရဲတွေက လစာပေးနှုန်းနဲ့ ပတ်သက်ပြီး အငြင်းပွားရာကနေ ဖေဖော်ဝါရီ ၃ ရက်စပြီး အလုပ်မဆင်းကြတော့ဘဲ သပိတ်မှောက်ကြတာပါ။

ခုလို ရဲသပိတ်ပေါ်ပေါက်လာပြီးနောက်မှာ လူနှစ်သန်းခန့် ရှိတဲ့ ပြည်နယ်အတွင်းမှာ လူဆိုးသူခိုးတွေ ထကြွသောင်းကျန်းနေကြပါတယ်။ ဌာနေမီဒီယာတွေနဲ့ ဒေသခံတွေက ဆဲလ်ဖုန်းတွေနဲ့ ဝရုန်းသုန်းကားအခြေအနေတွေကို ရိုက်ကူးမှတ်တမ်းတင်ထားကြပါတယ်။

လူသတ်မှုတွေလည်းဖြစ်ပွားပြီး သေဆုံးသူဦးရေက ၅၀ ခန့်ရှိကြောင်း ပြည်တွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ ပြည်နယ်အတွင်း ခုလိုအချိန်တိုအတွင်း သေဆုံးမှုက အမြင့်ဆုံးစံချိန်လည်း   ဖြစ်ပါတယ်။

စာသင်ကျောင်းနဲ့ ကျန်းမာရေးဆေးပေးခန်းတွေ၊ အခြားဌာနဆိုင်ရာရုံးတွေလည်း ပိတ်ထားရပါတယ်။ ရဲတွေကို လုပ်ခလစာ တိုးမြှင့်ဖို့ ဘတ်ဂျတ်မရှိဘူးဆိုပြီး ငြင်းဆန်ခဲ့တဲ့ တာဝန်ရှိအာဏာပိုင်တွေက ရဲချုပ်ကို အစားထိုးခန့်အပ်ပြီး ရဲတွေ အလုပ်ပြန်မဆင်းမချင်း စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်မှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags