တိုင်းရင်းသားနှင့် ပုဂ္ဂလိက မီဒီယာများဖွံ့ဖြိုးရေး အစိုးရက ကူညီပေးရန် တိုက်တွန်း

တိုင်းရင်းသားနှင့် ပုဂ္ဂလိက မီဒီယာများဖွံ့ဖြိုးရေး အစိုးရက ကူညီပေးရန် တိုက်တွန်း
(ဓာတ်ပုံ- ပြည်သူ့လွှတ်တော်)

နေပြည်တော်(ဖေဖော်ဝါရီ ၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ တိုင်းရင်းသားနှင့် ပုဂ္ဂလိက သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က မည်သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုကြောင်း ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဖေဖော်ဝါရီ ၆ရက်၊ လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့သည်။

နိုင်ငံအဝှမ်းတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို အချိန်နှင့်တပြေးညီ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်၊ တိတိကျကျ သိရှိနိုင်ရန် တိုင်းရင်းသား သတင်းမီဒီယာများနှင့် ပုဂ္ဂလိက သတင်းမီဒီယာများ ဖွံ့ဖြိုးအားကောင်းလာရန် လိုအပ်သည်ဟု ဦးဖေသန်းက လွှတ်တော်တွင် ပြောသည်။

“ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် အခက်အခဲမျိုးစုံကြားက ရဲရဲဝံ့ဝံ့ ဒီမိုကရေစီဘက်တော်သားတွေကို အောင်ပွဲခံနိုင်အောင် ဝိုင်းဝန်းပံ့ပိုးခဲ့တဲ့ ပုဂ္ဂလိက စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို မေ့လျော့ မထားသင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

ဦးဖေသန်း၏ မေးမြန်းမှုအပေါ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဒေါက်တာဖေမြင့်က အစိုးရသစ် တက်လာပြီးနောက်ပိုင်း ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်အဖွဲ့များ ဖွဲ့စည်းပြီး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များအနေဖြင့် လိုအပ်သော သတင်း
မီဒီယာ ဆက်ဆံပြောဆိုမှုဆိုင်ရာများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမီဒီယာ ပညာရှင်များနှင့် လိုအပ်သည့် သင်တန်းများ ဖွင့်လှစ်ပေးခြင်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် သတင်းအချက်အလက် ရယူခြင်းနှင့် ပတ်သက်သော စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်နိုင်ခဲ့ပါကြောင်း ပြန်လည် ဖြေကြားသည်။

ထို့အပြင် တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့်လည်း တိုင်းရင်းသားမီဒီယာ ညီလာခံ ၄ကြိမ် ကျင်းပခဲ့ပြီး တိုင်းရင်းသား မီဒီယာသမားများ၏ လိုလားချက်များကို ဖော်ပြနိုင်ခဲ့ကြောင်း၊ တိုင်းရင်းသားမီဒီယာများနှင့် ၂၀၁၆နှစ်လယ်ပိုင်းက တွေ့ဆုံပြီး တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်မည့် အစီအမံများ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် ရရှိထားသည့် ရလဒ်များကို အခြေခံပြီး တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လည်းကောင်း၊ နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင် ထည့်သွင်းလုပ်ဆောင်နိုင်မည့် အစီအစဉ်များကိုလည်း ညှိနှိုင်းနေဆဲဖြစ်သည်ဟု ဒေါက်တာဖေမြင့်က ပြောသည်။

နိုင်ငံပိုင်သတင်းစာများသည် ပြည်သူ့ကိုယ်စားပြု သတင်းစာများအဖြစ် ရောက်ရှိနိုင်ရန် မည်သို့သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိသည်ကိုလည်း လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ရက်က ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေဖြစ်သူ ဦးကိုနီ ကို  သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သည့်သတင်းကို ဇန်နဝါရီ ၃၀ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် သတင်းစာ၏ နောက်ကျောဖုံးတွင် ကော်လံဝက်ခန့်သာ ဖော်ပြခဲ့ပြီး မျက်နှာဖုံးတွင်မူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချယ်ရီပင် စိုက်ပျိုးနေသည့် သတင်းကို ဖော်ပြခဲ့သည့်အပေါ်လည်း ဦးဖေသန်းက ဝေဖန်ခဲ့သည်။

“ပြည်သူများ သိချင်နေတဲ့သတင်းကို အရေးမကြီးမသယောင် အဆင့်လျှော့ချလိုက်ခြင်းဟာ တနည်းအားဖြင့် သတင်းအမှောင်ချတဲ့ နည်းလမ်းတစ်မျိုးဖြစ်တယ်လို့ ယူဆပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

နိုင်ငံပိုင်သတင်းစာများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ဒေါက်တာဖေမြင့်က ပြည်သူက ရွေးချယ်လိုက်သော ပြည်သူ့အစိုးရဖြစ်သည့်အတွက် အစိုးရ၏ မူဝါဒများနှင့် ဆောင်ရွက်ချက် များကို ပြည်သူများ ပြန်လည်သိရှိစေရန်အတွက် နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ်ဖော်ပြပေးပြီး ပြည်သူ့ ကိုယ်စားပြု သတင်းစာအဖြစ် ရပ်တည်လျက်ရှိပါကြောင်း။ အစိုးရသစ်လက်ထက် နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြတင်ဆက်မှုများသည် အစိုးရဝါဒဖြန့် ပုံစံသဘောမျိုး မဟုတ်ဘဲ ပြည်သူနှင့် အစိုးရကြား အပြန်အလှန် ထိတွေ့ဆက်ဆံနေသည့် ကြားခံယန္တရားသဖွယ် ဆောင်ရွက်ပေး
နေခြင်း ဖြစ်ပါကြောင်း။ သို့ဖြစ်၍ နိုင်ငံပိုင်သတင်းစာများသည် ပြည်သူနှင့်အစိုးရကြား ပေါင်းကူးဆောင်ရွက်ပေးမည့် မီဒီယာဗဟုဝါဒ ကျင့်သုံးပြီး ပြည်သူများ သတင်းအမှန်၊ ဖြစ်ရပ်အမှန် သိစေရန်၊ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်နှင့် အကိုးအကားပြုစေနိုင်သည့် ခိုင်မာသော သတင်းအချက်အလက်များ ဆောင်ရွက်ပေးမည့် ပြည်သူအတွက် အသိပညာပေးမှုများကိုပါ ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိသည့် ပြည်သူ့ကိုယ်စားပြု သတင်းစာများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံပိုင်သတင်းစာများအနေဖြင့် နိုင်ငံတော်ဘဏ္ဍာကို သုံးစွဲနိုင်ခြင်း၊ ကြော်ငြာများ အလျှံပယ် ရရှိနေခြင်း၊ ဈေးနှုန်းလျှော့၍ ရောင်းချနိုင်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦ စက်ယန္တယား၊ ဝန်ထမ်းများဖြင့် လည်ပတ်နိုင်ခြင်းစသည့် အားသာချက်များ ရှိနေသော်လည်း တိုင်းရင်းသားနှင့် ပုဂ္ဂိလိက သတင်းစာ၊ ဂျာနယ်များမှာမူ နိုင်ငံပိုင်သတင်းစာများကဲ့သို့ အခွင့်အရေးမရှိခြင်းကြောင့် အချို့သတင်းစာများ ဆက်လက်ရပ်တည်နိုင်ခြင်းမရှိဘဲ ပိတ်သိမ်းရခြင်းနှင့် အချို့သတင်းစာ၊ ဂျာနယ်များမှာ ခက်ခက်ခဲခဲ ရပ်တည်နေရသည်ဟု ဦးဖေသန်းက ဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly