ထရမ့်၏ အထူးအမိန့်ကြောင့် ပြည်ပသို့ ပြန်ပို့ခံလိုက်ရသည့် ဆိုမာလီ ရွှေ့ပြောင်းလူငယ် ယခုအခါ အမေရိကန်သို့ ပြန်ဝင်ခွင့်ရပြီ

ထရမ့်၏ အထူးအမိန့်ကြောင့် ပြည်ပသို့ ပြန်ပို့ခံလိုက်ရသည့် ဆိုမာလီ ရွှေ့ပြောင်းလူငယ် ယခုအခါ အမေရိကန်သို့ ပြန်ဝင်ခွင့်ရပြီ

ဖေဖော်ဝါရီ ၇ ။             ။ သမ္မတအမိန့်ကြောင့် အမေရိကန်နိုင်ငံတွင်းသို့ ဝင်ခွင့် ပိတ်ပင်ခံလိုက်ရသည့် ဆိုမာလီ ရွှေ့ပြောင်းအခြေချသူ လူငယ်တစ်ဦး ယခုအခါ နိုင်ငံတွင်းသို့ ဝင်ခွင့်ပြန်ရခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာမက်ဒ် ရာဘီအမည်ရ ယင်းလူငယ်မှာ သမ္မတ ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည်ပိတ်ပင်မိန့်တို့ထွက်ရှိလာပြီးနောက်ပိုင်း နိုင်ငံတွင်းမှ ပြည်ပသို့ ပြန်ပို့ခံလိုက်ရသူလည်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကြမ်းဖက်သမားများ ဝင်ရောက်မည့်အန္တရာယ်ကို ကြိုတင်တားဆီးခြင်းဟု ဆိုကာ နိုင်ငံတွင်းသို့ မွတ်ဆလင်နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ခရီးသွားများကို ဝင်ခွင့်ပိတ်ခဲ့သလို ဒုက္ခသည်များကိုလည်း ဝင်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ယင်းအမိန့်ထွက်ရှိလာချိန်ကာလအတွင်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က ယခု ဆိုမာလီ လူငယ်မှာ အမေရိကန်နိုင်ငံ Seattle လေဆိပ်သို့ ရောက်ရှိလာသော်လည်း သမ္မတ၏ အမိန့်ကြောင့် အကောက်ခွန်နှင့် နယ်စပ်လုံခြုံရေး အရာရှိများက ၎င်းအား ဗီယင်နာသို့ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်က ၎င်းတွင် ဗီဇာတစ်ခုရှိနေသည့်အပြင် နှစ်နှစ်ကြာ ကွဲကွာနေသည့် ဇနီးသည်နှင့် ပြန်တွေ့ရန် လာရောက်ခဲ့သော်လည်း သမ္မတ အမိန့်ကြောင့် နိုင်ငံတွင်းမှ ပြန်လည်ထွက်ခွာခဲ့ရသည်။

ယခုအခါတွင်မူ သမ္မတ ထရမ့်၏ အမိန့်ကို ဝါရှင်တန်ပြည်နယ် ရှေ့နေချုပ် ဘော့ဘ် ဖာဂူဆန်က ကန့်ကွက်တရားစွဲလိုက်ပြီး ဖယ်ဒရယ် တရားသူကြီးတစ်ဦးက အမိန့်ကို ဆိုင်းငံ့ထားရန် ညွှန်ကြားခဲ့ပြီးနောက် အထက်ပါ ဆိုမာလီ လူငယ်မှာ အမေရိကန်နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ရခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly