ပရီးမီးယားလိဂ်ချန်ပီယံလုပွဲ ပြီးဆုံးခြင်းမရှိသေးဟု ချယ်လ်ဆီးကွင်းလယ်လူ ကန်တီပြော

ပရီးမီးယားလိဂ်ချန်ပီယံလုပွဲ ပြီးဆုံးခြင်းမရှိသေးဟု ချယ်လ်ဆီးကွင်းလယ်လူ ကန်တီပြော

ဖေဖော်ဝါရီ ၇၊ လန်ဒန်။         ။ ချယ်လ်ဆီးအသင်းအနေဖြင့် အနီးစပ်ဆုံးပြိုင်ဘက်စပါးအသင်းကို ကိုးမှတ်ဖြတ်ဦးဆောင်ထားနိုင်သည့်တိုင် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲပြီးဆုံးခြင်းမရှိသေးဟု ကွင်းလယ်ကစားသမား ကန်တီက ပြောသည်။

နည်းပြကွန်တီ၏ ချယ်လ်ဆီးအသင်းသည် လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းကို စနေနေ့တွင် ၃-၁ ဂိုးဖြင့်အနိုင်ရပြီးနောက် ဆုဖလားနှင့် ပိုမိုနီးစပ်လာခဲ့သည်။

စပါးအသင်းသည်လည်းယင်းနေ့တွင် မစ်ဒယ်ဘရော့ကို ၁-၀ ဂိုးဖြင့်ခက်ခဲစွာအနိုင်ရခဲ့ပြီး ကန်တီက စပါးအပါအဝင်ကျန်အသင်း များအနေဖြင့် ချယ်လ်ဆီး၏ နေရာကိုလုယူနိုင်ရန် အခွင့်အရေးရှိနေသေးသည်ဟု ယုံကြည်နေသည်။

“တစ်ရာသီနဲ့ တစ်ရာသီမတူပါဘူး။ ဒီရာသီမှာဆိုရင် ချန်ပီယံပြိုင်ဘက် တော်တော်များများရှိနေပြီး ပြိုင်ပွဲပြီးဖို့လည်း အများကြီးလိုပါ သေးတယ်။

ကျွန်တော်တို့အနေနဲ့ ဖလားရပြီလို့မပြောနိုင်သေးပါဘူး။ ပွဲတိုင်းကြိုးစားရဦးမှာပါ။ အဆုံးသတ်မဟုတ်သေးလို့ အများကြီးဖြစ်လာ နိုင်ပါသေးတယ်။ ဒီတစ်ပတ်က အရေးကြီးတဲ့အပတ်ဖြစ်ခဲ့ပြီး လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ပွဲမှာ ရနိုင်တဲ့ခြောက်မှတ်ကနေ လေးမှတ်ထိရခဲ့လို့ ကျွန်တော်တို့အတွက် ရလဒ်ကောင်းပါပဲ”ဟု ကန်တီက ပြောသည်။

ကန်တီသည် နွေရာသီတွင် လက်စတာအသင်းမှ ပေါင် ၃၂ သန်းဖြင့်ပြောင်းလာပြီးနောက် ချယ်လ်ဆီးအသင်းတွင် အရေးပါသော ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly