နာမည်ဆိုးရှိသော ထောင်ထဲတွင် လူပေါင်း ၁၃၀၀၀ခန့်အား ဆီးရီးယားအစိုးရ ကြိုးဆွဲချ ပစ်ဒဏ်ပေးခဲ့

နာမည်ဆိုးရှိသော ထောင်ထဲတွင် လူပေါင်း ၁၃၀၀၀ခန့်အား ဆီးရီးယားအစိုးရ ကြိုးဆွဲချ ပစ်ဒဏ်ပေးခဲ့

ဖေဖော်ဝါရီ ၇ ။         ။ ဆီးရီးယားနိုင်ငံ၏ မြို့တော်ဒါမာစကပ် အနီးရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ဆီးရီးယားအစိုးရ၏ ထောင်ထဲတွင် လူပေါင်း ၁၃၀၀၀ခန့် ကြိုးဆွဲချခံခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ယနေ့အင်္ဂါနေ့၌ ပြောခဲ့ပြီး အစိုးရ၏ ကွပ်မျက်ခြင်း မူဝါဒအပေါ် ဝေဖန်မှုများ ပြုလုပ်သွားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ “လူသားများအား ကြိုးဆွဲချခြင်းနှင့်မျိုးဖြတ်ခြင်းများ ပြုလုပ်ရာ ဆိဒ်နာယာအကျဉ်းထောင်”ဟု အမည်ပေးထားသော အစီရင်ခံစာ၌   ထောင့်စောင့်များ ၊အကျဉ်းကျ ခံရသူများနှင့် တရားသူကြီးများ အပါအဝင် သက်သေခံ ၈၄ဦးအား မေးမြန်းထားကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာ၌ လွန်ခဲ့သော ၂၀၁၁နှင့်၂၀၁၅ခုနှစ်အတွင်း တစ်ပတ်လျှင်တစ်ကြိမ်ကျ အကျဉ်းသား၅၀ခန့် အား၎င်းတို့၏ အကျဉ်းခန်းများထဲမှ ခေါ်ဆောင်ကာ အာဏာရှင်ဆန်စွာ တရားစီရင်ခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ် ပြီးနောက်တွင် သန်းခေါင်ယံအချိန်၌ လျှို့ဝှက်စွာကြိုးဆွဲချ ပစ်ဒဏ်ပေးခဲ့ကြောင်း တင်ပြထားသည်။

“ထိုကဲ့သို့ ကိစ္စရပ်များကို ဆောင်ရွက်ခဲ့စဉ်တစ်လျှောက်လုံးမှာ အကျဉ်းသားများအား မျက်စိကို အဝတ်ဖြင့်ဖုံးပိတ်ထားခဲ့ပြီး ၎င်းတို့ရဲ့လည်ပင်းကို ကြိုးကွင်းမစွပ်ခင်အချိန်အထိ ၎င်းတို့ဘယ်အချိန်မှာ ဘယ်လိုသေမလဲဆိုတာကို မသိကြကြောင်း” လူအခွင့်အရေးအဖွဲ့များက အစီရင်ခံစာတွင် ရေးသားခဲ့သည်။

ကြိုးဆွဲချခံရသူအများစုသည် သမ္မတဘာရှာအယ်လ်အာဆက် အားဆန့်ကျင်သည်ဟုယုံကြည်ရသောပြည်သူ အများစုဖြစ်ကြသည်ဟု သိရသည်။

“အကျဉ်းသားများကို ၁၀မိနစ်မှ၁၅မိနစ်ခန့်အထိ ကြိုးဆွဲချထားပါတယ်” ဟု အဆိုပါ ကွပ်မျက်မှု၌ မျက်မြင်သက်သေဖြစ်ခဲ့သူ တရားသူကြီးဟောင်းတစ်ဦးမှ ပြောခဲ့သည်။

“ငယ်ရွယ်သေးငယ်တဲ့သူတွေဟာ သူတု့ိရဲ့ကိုယ်အလေးချိန်ကြောင့်ချက်ချင်းမသေကြပါဘူး။ဒါကိုအရာရှိတွေရဲ့ လက်ထောက်တွေက သူတို့ကိုအောက်ကနေလည်ပင်းကျိုးအောင်ဆွဲချခဲ့ကြပါတယ်” ဟု သူကပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly