မောင်တောမြို့နယ် အလယ်သံကျော်တွင် လူသတ်မှုဖြစ်၍ ကာကွယ်ဆေးထိုး အစီအစဉ် ဖျက်သိမ်းခဲ့ရ

မောင်တောမြို့နယ် အလယ်သံကျော်တွင် လူသတ်မှုဖြစ်၍ ကာကွယ်ဆေးထိုး အစီအစဉ် ဖျက်သိမ်းခဲ့ရ
ဓာတ်ပုံ - အလယ်သံကျော်ကျေးရွာအတွင်း ကျန်းမာရေးဟောပြောပွဲတစ်ခု (RiA)

စစ်တွေ၊ ဖေဖေါ်ဝါရီ ၆ ။             ။ မောင်တောမြို့နယ် အလယ်သံကျော်တိုက်နယ်၊ ရွာသစ်ကေကျေးရွာတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက မိသားစုနှစ်စု ခိုက်ရန်ဖြစ်ပွားခဲ့ရာတွင် တစ်ဦးသေဆုံးပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ယင်းကျေးရွာတွင် ကာကွယ်ဆေးထိုးမည့် အစီစဉ်ကိုဖျက်သိမ်း လိုက်ရကြောင်း မောင်တောမြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးမည့် အစီစဉ်ကို ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် စီစဉ်ထားခြင်း ဖြစ်ပြီး ရွာသစ်ကေ၊ ပညောင်ပင်ကြီး၊ ဘောဓိသာရ ကျေးရွာများတို့ ပါဝင်သော်လည်း ရွာသစ်ကေရွာ၏ လတ်တလော အခြေအနေအရ ဖျက်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း မောင်တောမြို့နယ် ကျန်းမာရေးမှူး ဦးမာင်အေးသာက ပြောသည်။

“ မနေ့ညကတည်းကနေ မိသားစုအချင်းချင်း ရန်ဖြစ်ကြပြီး လူသတ်မှုဖြစ်တာလို့ သိရပါတယ်၊ ကျေးရွာဥက္ကဋ္ဌလည်း လူသတ်မှုနဲ့ အလုပ်ရှုပ်နေမှာရယ်။ ရွာအတွင်းမှာ လုံခြုံရေးရယူပေးနေတဲ့ ရဲတပ်ဖွဲ့တွေကလည်း အလုပ်များနေတာတွေကြောင့် ကျွန်တော်တို့ဆီက ဆေးကုသရေးအဖွဲ့က အဲဒီရွာတွေကို မသွားရောက်ခဲ့တော့ပါဘူး၊ နယ်မြေငြိမ်သက်မှာပဲ ပြန်လည်သွားရောက်မှာပါ”ဟု ဦးမာင်အေးသာက ပြောသည်။

လက်ရှိအချိန်တွင် အလယ်သံကျော် တိုက်နယ်ကျန်းမာရေးဌာန တွင် ဆေးခန်းဖွင့်လှစ်ထားပြီး ဖြစ်ကာ ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်ခြင်း၊ ကာကွယ်ဆေးထိုး တိုက်ကျွေးပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ အသိပေးရှင်းလင်းဆွေးနွေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly