မောင်တော ရွှေဗဟိုဘုန်းကြီးကျောင်းမှ WYဆေးပြား ၄၂သိန်းကျော်နှင့် လက်နက်များ ဖမ်းမိ

မောင်တော ရွှေဗဟိုဘုန်းကြီးကျောင်းမှ WYဆေးပြား ၄၂သိန်းကျော်နှင့် လက်နက်များ ဖမ်းမိ
ဓာတ်ပုံ - ကိုအောင်

စစ်တွေ၊ ဖေဖေါ်ဝါရီ ၆ ရက်။                ။ မောင်တောမြို့နယ်၊ ရွှေဗဟိုဘုန်းတော်ကြီးကျောင်းတိုက်က WY စိတ်ကြွဆေးပြား ၄၂ သိန်းနှင့် ၂ သောင်းကျော် အပါအဝင် ဗုံးသီးတစ်လုံးနှင့် ကျည်မျိုးစုံ ၁၀၀ နီးပါးတို့ကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေပိုင်းက မောင်တောမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် ကားတစ်စီးကို ဗောဓိကုန်း စစ်ဆေးရေးဂိတ်တွင် ရပ်တန့်စစ်ဆေးသည့်အခါ ကားပေါ်မှ ပီနံအိတ်နှင့် ထုတ်ပိုးထားသည့် WY စိတ်ကြွဆေးပြား ၄ သိန်းကျော်ကို ဦးစွာဖမ်းမိခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဘုန်းတော်ကြီး ဦးအာစရာကို စစ်ဆေးမေးမြန်းချက်အရ   မောင်တောမြို့နယ်ရှိ   ရွှေဗဟိုကျောင်းတိုက်သို့ သွားရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ရွှေဗဟိုကျောင်းတိုက် ကျက်သရေခန်း ခုတင်အောက်မှ ဆာလာအိတ်အဝါရောင် ၃ အိတ်၊ အောက်ထပ်စတိုထဲမှ ဆာလာအိတ် ၅ အိတ်၊ ကျောင်းလှေကားအောက်က ဆာလာအိတ် ၁၁ အိတ်၊ စုစုပေါင်း ဆာလာအိတ် ၁၆ အိတ်ကို WY ဆေးပြားများနှင့်အတူ တွေ့ရပြီး ကျောင်းဆောင်ဘေးအခန်းထဲမှ ဗုံးသီး ၁ လုံး၊ နိုင်ငံခြားဖြစ် ၅.၅၆ ကျည် ၄၀ တောင့်၊ ကပစထုတ် ၅.၅၆ ကျည် ၁၅ တောင့်နှင့် ၇.၆၂ ကျည် ၃၉ တောင့်တို့ကိုပါ သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသည့် စုစုပေါင်း ဆေးပြားအရေအတွက်မှာ ၄၂ သိန်းနှင့် ၂ သောင်းကျော်ရှိပြီး ရွှေဗဟိုကျောင်းထိုင်ဆရာတော် ဦးအာစရကို မူးယစ်နှင့် လက်နက်ဥပဒေများအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိသည်။

“ ခု စစ်ဆင်ရေးလုပ်နေတာက နေပြည်တော်က အထူးစစ်ဆင်ရေးတပ်ဖွဲ့ပါ။ မေယုစစ်ဆင်ရေးလို့ သိရပါတယ်။ ဒီဆေးပြားတွေကို ဖမ်းမိတာကတော့ အဲဒီ ဘုန်းကြီးလိုက်ပါလာတဲ့ကားက   ပြောရမယ်ဆိုရင် အငူမော်ဘက်ကနေ လာတာပေါ့။ မောင်တောဘက်ကို ရောက်မှ ဖမ်းမိတာ။ စစ်ဆေးချက်တွေအရ ရွှေဗဟိုကျောင်းကို သွားရှာတော့လည်း ထပ်တွေ့တယ်ပေါ့။ ကျောင်းထိုင်ဆရာတော် အပါအဝင် ကိုရင်တစ်ပါးလည်း ဖမ်းထားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့လည်း တိတိကျကျ မသိရဘူးပေါ့နော်။ ဘယ်မှာ ချူပ်ထားသလဲ ဆိုတော့ အလယ်သံကျော် နယ်မြေ (၄) စခန်းမှာပါ” ဟု မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မြဝင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းတိုက်ဖျက်ရေးအတွက် ရခိုင်ဒေသမှ ရဲတပ်ဖွဲ့ဝင်များ မပါဝင်သော အထူးတပ်ဖွဲ့ဝင်များ ဦးဆောင်ပြီး မေယုအထူးစစ်ဆေးရေးကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နှင့် ၄ ရက်များတွင် မေယုစစ်ဆင်ရေးအရ မောင်တော၌ WY ဆေးပြား လေးသိန်း နီးပါး ဖမ်းဆီးရမိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly