သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသားများအမှုကို အကျိုးအကြောင်းဖြင့်ဆောင်ရွက်သင့်ဟု တရုတ်ပြော

သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသားများအမှုကို အကျိုးအကြောင်းဖြင့်ဆောင်ရွက်သင့်ဟု တရုတ်ပြော
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ တရုတ်နိုင်ငံသို့ ခိုးသွင်းမည့် သစ်များအား တပ်မတော်မှ ဖမ်းဆီးထားသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - မဇ္စျိမ

ဇူလိုင် ၂၃ ။       ။ တရုတ်နိုင်ငံနှင့် ၎င်း၏အိမ်နီးချင်းနိုင်ငံများအကြား ဆက်ဆံရေး ထစ်ငေါ့စေရန် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ကို တရုတ်နိုင်ငံက ဖျက်စီးနေသယောင် အနောက်နိုင်ငံမီဒီယာများက အချို့သောအမှုအခင်းများကို အသုံးပြု လုပ်ဆောင်လေ့ရှိသည်ကို သတိပြုစေလိုသည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြထားသည်။

မကြာသေးမီက ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးအားမြန်မာ တရားရုံး ကနှစ်ရှည်ထောင်ဒဏ် များချမှတ်လိုက်သည့်အပေါ် ယနေ့တုန့်ပြန်ရေးသားချက်တွင် ထည့်သွင်းထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံသား ၁၅၅ ဦးကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း သစ်ခိုးထုတ်သဖြင့် ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သည့် ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ (အပက ၃) ဖြင့် ဇူလိုင် ၂၂ ရက်၌ မြစ်ကြီးနားခရိုင် တရားရုံးကထောင်ဒဏ်နှစ် ရှည်များ ချမှတ်လိုက်ခြင်းဖြစ်သည်။

ဆင်ဟွာသတင်း ကဆက်လက်ဖော်ပြရာတွင် တရုတ်အစိုးရ အနေဖြင့်မူ တရားမဝင် သစ်ခုတ်ခြင်း၊ တရားမဝင် သတ္တု တူးဖော်ခြင်းနှင့် တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ခြင်းတို့ကို တားဆီးပိတ်ပင်ထားပြီး၊ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံ များနှင့် တရားမဝင်လုပ်ငန်းများကို ပူးပေါင်းနှိမ်နင်းနေပြီး သဘာဝရင်းမြစ်များကိုလည်း ပူးတွဲ ကာကွယ်နေသည်ဟု ဆိုသည်။

အိမ်နီးချင်းများအပေါ်ထားသည့် တရုတ်နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေးအနေဖြင့်လည်း ဒေသကြီးတစ်ခုလုံး ဟန်ချက်ညီညီ ဖြင့် ဖွံ့ဖြိုးလာစေရန် အာဆီယံ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သကဲ့သို့၊ မဲခေါင်ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ၌လည်း ကြိုးစားဖော်ဆောင်နေသည်ဟု ဆက်လက်ရေးထားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်လာမှုက မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းကြီး များ လမ်းပွင့်လာစေခဲ့သည်မှာ ငြင်းကွယ်၍ မရနိုင်ဟုလည်းဆိုသည်။

မြန်မာနိုင်ငံသည် မကြာသေးမီနှစ်များက အခြေခံအဆောက်အဦပိုင်းတွင် သိသိသာသာ ပြောင်းလဲတိုးတက်လာခဲ့ပြီး လူမှုစီးပွား ကဏ္ဍတွင်လည်း ထင်သာမြင်သာသည့် တိုးတက်မှုများဖြစ်ပေါ်လာခဲ့သည်ကို အထင်အရှားတွေ့ရမည်ဟု ထောက်ပြထားသည်။

တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ဥပဒေများနှင့် ဓလေ့ထုံးစံများကို လေးစားပြီး မိမိနိုင်ငံသားများကို လည်းနိုင်ငံရပ်ခြား တွင်နေ ထိုင်စဉ် နေထိုင်ရာနိုင်ငံ၏ ဥပဒေများကို မချိုးဖောက်ရန် အမြဲတန်း သတိပေးနေသည်ဟုဆိုသည်။    

နိုင်ငံခြားသားအမြောက်အများကို ယခုကဲ့သို့သော ပြင်းထန်သည့် ပြစ်ဒဏ်များ စီရင်သည်မှာ ပုံမှန်မဟုတ်ဘဲ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူအားလုံးကို တစ်တန်းတစ်စားတည်း သိမ်းကြုံးစီရင်မှုကြောင့် မြန်မာတရားရုံး၏ ဘက်မလိုက်မှု ကိုမေးခွန်းထုတ် စရာဖြစ်နေသည်ဟုလည်း ဆင်ဟွာသတင်းက ဖော်ပြထားသည်။   

တကယ်တမ်းတွင် စစ်ဖြစ်နေသည့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ယခုနှစ်အစောပိုင်းက သစ်ခိုးထုတ်သူများ ကို စီးနင်းစဉ်အတွင်း ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများမှာ ဖမ်းဆီးခေါ်ဆောင်မသွားမီအထိ ၎င်းတို့၏ လုပ်ရပ်များမှာ တရားဝင်မ သည် မဝင်သည်ကိုပင် သိနိုင်ရန်ခက်ခဲမည်။

ထို့ပြင် ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများမှာ သစ်ခိုးထုတ်ရန် မြန်မာနိုင်ငံအတွင်းသို့ လှည့်ဖျားခေါ်ဆောင်ခံရခြင်း လည်း ဖြစ်နိုင်သောကြောင့် ၎င်းတို့အား တရားစွဲဆိုမှုကိုလည်း အမှုတစ်ခုချင်းအပေါ်တွင် စဉ်းစားသုံးသပ်သင့်သည်ဟုလည်း အကြံပြုထားသည်။

ကချင်ပြည်နယ်တရားရုံး၊ ထို့နောက် အထက်ရုံးတော်တို့သို့ အဆင့်ဆင့် အယူံခံဝင်နိုင်သေးသဖြင့် တရုတ်နိုင်ငံသားများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးရန် မြန်မာ အာဏာပိုင်များအနေဖြင့် အကြောင်းအချက် တိုင်းကို ထည့်သွင်းစဉ်းစားလိမ့်မည်ဟု တရုတ်က မျှော်လင့်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly