မူးယစ်ဆေးဝါးပပျောက်ရေးအတွက် စီမံချက် ရေးဆွဲမည်

မူးယစ်ဆေးဝါးပပျောက်ရေးအတွက် စီမံချက် ရေးဆွဲမည်

မုံရွာ၊ ဖေဖော်ဝါရီ ၅။         ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးကင်းစင်စေရေး စီမံချက်များရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်က ပြောသည်။

တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးပပျောက်စေရန်အတွက် တိုင်းအစိုးရနှင့် ဝန်ကြီးဌာနပေါင်းစုံ ပါဝင်သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ ဆေးဝါးကုသမှုပေးရေး၊ ပြန်လည်ထူထောင်ရေးတို့အတွက် စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်သည်။

"အခုအချိန်မှာ မူးယစ်ဆေးဝါးသုံးစွဲ၊ သယ်ဆောင်၊ ရောင်းချ နေတာတွေကို နှိမ်နင်းနေပါတယ်။ နှိမ်နင်းရေးအဖွဲ့တွေအနေနဲ့ စုံစမ်းဖော်ထုတ်ရေးအပြင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ကိုလည်း ရပ်/ကျေးတွေအထိ ဖွဲ့စည်း ဆောင်ရွက်နေပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်က ပြောသည်။

မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးဟောပြောမှုကို ၂၀၁၆ ခုနှစ်အတွင်းက ကျောင်းသား/သူများကို ဟောပြောခြင်း (၃၉၀)ကြိမ်၊ (၇၇၂၉၄)ဦး၊ နှင့် ပြည်သူလူထုအားဟောပြောခြင်း (၇၆၉)ကြိမ်၊ (၆၂၉၉၉) ဦး တို့ကို ဟောပြောခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု (၁၁၂)မှု နှင့် တရားခံ (၁၈၀)ဦး တို့အား ဖမ်းဆီးအရေးယူခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly