ဖလော်ရီဒါရှိထရမ့်၏ အပန်းဖြေနေအိမ်အနီးသို့ လူ၂၀၀၀ခန့် ချီတက်ဆန္ဒပြ

ဖလော်ရီဒါရှိထရမ့်၏ အပန်းဖြေနေအိမ်အနီးသို့ လူ၂၀၀၀ခန့် ချီတက်ဆန္ဒပြ

ဖေဖေါ်ဝါရီ ၅ ။          ။ ပြီးခဲ့သော စနေနေ့က သမ္မတဒေါ်နယ်ထရမ့်၏ ဖလော်ရီဒါရှိဂေါက်ကစားကွင်း အနီးသို့ အနည်းဆုံးလူ ၂၀၀၀ခန့် ချီတက်လာခဲ့ကြပြီး မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံများမှ ခရီးသွားများနှင့် ဒုက္ခသည်များအား လာရောက်ခွင့် ပိတ်ပင်သည့် ထရမ့်၏ အထူးအမိန့်အား လက်မခံကြောင်း ဟစ်ကြွေး ဆန္ဒပြခဲ့ကြသည်။

သမ္မတထရမ့်နှင့် သမ္မတကတော်မီလန်နီရာထရမ့်တို့သည် ဖလော်ရီဒါအရှေ့ဘက် ကမ်းရိုးတန်းတွင်ရှိသော Mar-a- Lago ရှိ ကြက်ခြေနီအဖွဲ့၏ နှစ်ပတ်လည်ကပွဲသို့ အတူတက်ရောက်နေခဲ့ကြသည်။

“ကျွန်တော်ဒုတိယကမ္ဘာစစ်အတွင်းမှာ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဒီနိုင်ငံမှာလည်း ပြည်သူတွေ ဟာ လွတ်လပ်ခွင့်အတွက် အမြဲတိုက်ပွဲဝင်နေရပါတယ်” ဟု ဆန္ဒပြသူ ရော့ဘ်ရီဆဒ် က ပြောခဲ့သည်။

“အခုကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်က သိမ်းဆည်းခံလိုက်ရပါပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးအား လုံးသိမ်းဆည်း မခံရခင်မှာ အတူလက်တွဲပြီး ရင်ဆိုင်ရပါမယ်” ဟု သူက ဆက်ပြောခဲ့သည်။

ချီတက်ဆန္ဒပြသူများက “ဒီမိုကရေစီဆိုတာ ဒါမျိုးပဲ။ ပိတ်ပင်မှုမပြုရ။ တံတိုင်းခတ်မှုမပြုရ” ဟူသော စကားလုံး များအား ကြွေးကြော်ခဲ့ကြပြီး မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်တစ်လျှောက်တွင် တံတိုင်းခတ်မည့် ဒေါ်နယ်ထရမ့် ၏ အစီအစဉ်ကိုပါ ရည်ညွှန်း ဆန္ဒပြခဲ့ကြသည်။

ဇန်နဝါရီ ၂၇ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အထူးအမိန့်အရ ဒေါ်နယ်ထရမ့်သည်မွတ်စလင်အများစု နေထိုင်ရာ ၇နိုင်ငံဖြစ်သည့် အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်တို့မှ နိုင်ငံသားများအား အမေရိကန်နိုင်ငံထဲသို့  ပြည်ဝင်ခွင့်ရက်၉၀ခန့် ပိတ်ပင်ခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly