မော်ဝါဒီသူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ဖျက်သိမ်းမည့် ဖိလစ်ပိုင်သမ္မတဒူတာတေး

မော်ဝါဒီသူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ဖျက်သိမ်းမည့် ဖိလစ်ပိုင်သမ္မတဒူတာတေး

ဖေဖေါ်ဝါရီ ၅ ။            ။ အစိုးရနှင့် သူပုန်အဖွဲ့နှစ်ဘက်စလုံးမှ ဆယ်စုနှစ်များစွာ ကြာရှိခဲ့သော ပဋိပက္ခများအား အဆုံးသတ်မည့် အပစ် အခတ်ရပ်စဲရေးအစီအစဉ်အား တစ်ဖက်သတ်ဖျက်သိမ်းခဲ့သည့် နောက်တွင် ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေးက ကွန်မြူနစ်သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစီအစဉ်အား ပယ်ဖျက်ကြောင်းပြောခဲ့သည်။

ဆိုရှယ်လစ်ဝါဒီတစ်ဦးဟု ခံယူထားသူ ဒူတာတေးသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား အလျင်အမြန် စတင်နိုင်ရန် အတွက် ကွန်မြူနစ်ထိပ်တန်းခေါင်းဆောင်များအား လွှတ်ပေးခဲ့ဖူးသော်လည်း ယခုအချိန်တွင် စစ်ပွဲပြန်စနေသော သူပုန်များအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သူ့အနေဖြင့် ပဋိပက္ခများအား ကြာမြင့်စေဖို့အတွက် အဆင်သင့်ပဲဟု ပြောခဲ့သည်။

“ကျနော်တပ်သားတွေကို တိုက်ပွဲရှည်ကြီး တစ်ခုအတွက် ပြင်ဆင်ထားဖို့ပြောခဲ့ပါတယ်။ ကျနော်တို့ လက်ထပ်မှာ ငြိမ်းချမ်းရေးဟာ ရောက်ရှိလာတော့မှာ မဟုတ်ပါဘူး” ဟု ဒူတာတေးက ပြီးခဲ့သော စနေနေ့က ပြောခဲ့သည်။

ဒါ့အပြင်ဒူတာတေးက သူဟာအစိုးရအဖွဲ့မှ စေ့စပ်ညှိုနှိုင်းပေးသူများအား အီတလီနိုင်ငံရောမမြို့၌ ဆွေးနွေးနေ သော သူပုန်ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲမှ တပ်ခေါက်ပြန်လာရန် အမိန့်ပေးခဲ့ကြောင်း ပြောခဲ့သည်။

“ကျနော်သူတို့နဲ့ ဆွေးနွေးဖို့ စိတ်မပါတော့ပါဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆွေးနွေးမှုမျိုးကိုမဆို ကျနော် ငြင်းပယ်သွားမှာပါ” ဟု သတင်းထောက်များအား ပြောခဲ့သည်။

“ကျနော်တို့ တိုက်ခိုက်လာခဲ့ကြတာ နှစ်၅၀ရှိနေပါပြီ။ နောက်ထပ်နှစ်၅၀ ထပ်တိုးပြီး တိုက်ခိုက်ချင်တယ်ဆိုရင်လည်း သဘောပါပဲ။ ကျနော်တို့က ခင်ဗျားတို့ကို ကျေကျေနပ်နပ်ကြီး လိုက်လျောသွားမှာပါ” ဟု ဆက်ပြောခဲ့သည်။

သူပုန်အဖွဲ့များက ၅လကြာမြင့်ခဲ့ပြီဖြစ်သော အပစ်အခတ်ရပ်စဲရေး အစီအစဉ်အား ပြီးခဲ့သောအပတ်က ဖျက်သိမ်း ရန်ကြေညာခဲ့သောကြောင့် ဒူတာတေးက ယခုလို အမိန့်ပေးခြင်းဖြစ်ပြီး သူပုန်များက ဒူတာတေးအစိုးရအဖွဲ့သည် ဖောက်ပြန်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟု စွပ်စွဲခဲ့ကြသည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly