သစ်တောတံဆိပ်တုံး လိမ်လည်ရိုက်နှိပ်ခဲ့သည့် ဝန်ထမ်းတစ်ဦး အရေးယူခံရ

သစ်တောတံဆိပ်တုံး လိမ်လည်ရိုက်နှိပ်ခဲ့သည့် ဝန်ထမ်းတစ်ဦး အရေးယူခံရ

မုံရွာ၊ ဖေဖော်ဝါရီ ၄။        ။ သစ်တောတံဆိပ်တုံးအား ရိုက်နှိပ်ကာ တရားဝင်သစ်အဖြစ် လိမ်လည်ခွင့်ပြုခဲ့သည့် သစ်တောဝန်ထမ်းတစ်ဦးအား ဖေဖော်ဝါရီ ၃ ရက်က ဖောင်းပြင်မြို့တွင် အမှုဖွင့်အရေးယူ ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်တစ်ဦးသည် သစ်သယ်ဆောင်ရာ၌ သစ်တောတံဆိပ်တုံးအား ရိုက်နှိပ်ကာ လိမ်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့သည့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါသစ်တောဝန်ထမ်းအား အရေးယူပေးရန် ဖောင်းပြင်မြို့မရဲစခန်းသို့ ဖေဖော်ဝါရီ ၃ ရက်က တိုင်ကြားစာပေးပို့ခဲ့သည်။

ယင်းကြောင့် ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာန တံဆိပ်တုံးအား လိမ်လည်ရိုက်နှ်ပ်ခဲ့သူ သစ်တောဝန်ထမ်းအား ဖောင်းပြင်မြို့မရဲစခန်း (ပ)၂၇/၂၀၁၇၊ သစ်တောဥပဒေပုဒ်မ ၄၆ အရ အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က ကနီမြို့နယ်သစ်တောဦးစီးဌာနက သစ်တောဦးစီး ခေါင်းဆောင်သောအဖွဲ့မှ ဖောင်းပြင်မြို့နယ်၊ ရေအောက်တောင်းရွာအနီး၊ ချင်းတွင်းမြစ် အတွင်းတွင် အမြန်ရေယာဉ်တစ်စီးပေါ်မှ တမလန်းဓါးရွှေတုံး (၃၆)တုံးအား စစ်ဆေးတွေ့ရှိခဲ့ရာမှ ယင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required