ရခိုင်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ခိုင်လုံသော သက်သေအထောက်အထားများ တွေ့ရှိပါက အရေးယူမည်ဟု ပြော

ရခိုင်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ခိုင်လုံသော သက်သေအထောက်အထားများ တွေ့ရှိပါက အရေးယူမည်ဟု ပြော

ရန်ကုန်၊ ဖေဖော်ဝါရီလ ၄ ။              ။ ရခိုင်ပြည်နယ်ရှိ ပဋ္ဋိပက္ခဖြစ်ပွားနေသောနေရာဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ခိုင်လုံသည့် အထောက်အထားများ စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုသည်။

ယမန်နေ့( ဖေဖော်ဝါရီလ ၃ ရက်)က ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် ကုလသမဂ္ဂမှ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်အပေါ် တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများအား ရိုက်နှက်သတ်ဖြတ်ခြင်းများ အပါအဝင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများ၊ အစဖျောက်မှုများနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြောင်း ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးမှ ဇန်နဝါရီလ ၃ ရက်နေ့တွင် အစီခံစာတွင် ဖော်ပြထားသည်။

" ကျွန်တော်တို့ အကယ်၍ အဲ့ဒီမှာ ခိုင်မာတဲ့ အထောက်အထားတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို တွေ့ရှိတယ်ဆိုရင်၊ တွေ့ရှိလာခဲ့ရင်တော့ ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပါမယ် "ဟု ဦးဇော်ဌေးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စုံစမ်းဆောင်ရွက်မှုများကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပါဝင်သည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြင့် အမြန်ဆုံး စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အချိန်ယူစစ်ဆေးဆောင်ရွက်ရမည် ဖြစ်သည့်အတွက် နေ့ရက် အတိအကျပြော၍မရကြောင်း ဦးဇော်ဌေး ပြောပြချက်အရ သိရသည်။

ဒုသမ္မတဦးမြင့်ဆွေခေါင်းဆောင်သော ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂၊ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မောင်တောအကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ရန် ဖွဲ့စည်းထားသည့် ကော်မရှင်ဖြစ်သည်။

" ဒီအစီရင်ခံစာမှာ ပါတဲ့ အချက်တွေက တော်တော်လေး ဆိုးဆိုးရွားရွား၊ ပြင်းပြင်းထန်ထန် ဖြစ်နေတာ တွေ့ တယ်ပေါ့။ အဲ့ဒီလိုတွေ့ရတဲ့ အစီရင်ခံစာပါ အချက်အလက်နဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံအစိုးရအနေနဲ့ အထူးပဲ စိုးရိမ်စရာတွေ ရှိတယ်"ဟု ဦးဇော်ဌေးက ဆိုသည်။

ထိုသို့မေးမြန်းခဲ့ရာတွင် ဖြေကြားသူများထဲမှ ၄၃ ရာခိုင်နှုန်းသည် အဓမ္မပြုကျင့်ခံရကြောင်း ထွက်ဆိုခဲ့ကြပြီး ၃၁ ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကြုံတွေ့ ခဲ့ရသည်ဟုပြောကြောင်း၊ ထိုအပြင် အကြမ်းဖက် ရိုက်နှက်မှုများ၊ လူသူမသိ ပျောက်ဆုံးမှုများနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကိုလည်း လုံခြုံ ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျူးလွန်ခဲ့ကြောင်း အစီခံစာတွင် ပါရှိသည်။

အဆိုပါကုလသမဂ္ဂမှ ဘင်္ဂလားဒေ့ချ်နိုင်ငံ နယ်စပ်တလျှောက်ရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံမေးမြန်းထားမှုများကို အခြေခံကာ ယင်းအစီရင်ခံစာကို ပြုစုခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly