သြဂုတ်လဆွေးနွေးပွဲတွင် NCA စာချုပ်မူကြမ်း အချောသပ်ရန် နှစ်ဖက် ကြိုးစားမည်ဟု သဘောတူ

သြဂုတ်လဆွေးနွေးပွဲတွင် NCA စာချုပ်မူကြမ်း အချောသပ်ရန် နှစ်ဖက် ကြိုးစားမည်ဟု သဘောတူ
ဇူလိုင် ၂၄ ရက် MPC တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ။ (ဓါတ်ပုံ - MPC facebook)

ရန်ကုန်၊ ဇူလိုင် ၂၄ ။      ။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ (SD) တို့၏ ဇူလိုင် ၂၄ ရက် တတိယနေ့ ဆွေးနွေးပွဲ အပြီးတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် (NCA) (အတည်ပြုမူကြမ်း) ကို လာမည့် သြဂုတ်လဆန်းတွင် ကျင်းပမည့် ဆွေးနွေးပွဲ၌ အချောသတ်ရန် နှစ်ဖက် ကိုယ်စားလှယ်များ ကြိုးစားဆောင်ရွက်မည်ဟု  ပူးတွဲ သတင်း ထုတ်ပြန်လိုက်သည်။  

ဇူလိုင် ၂၂ ရက်ကစတင်ပြီး ရန်ကုန်မြို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) တွင်ပြုလုပ် သည့်  ရှစ်ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ သဘောတူညီမှုစာချုပ် NCA ညှိနှိုင်း အစည်းအဝေး သည် ဇူလိုင် ၂၄ ရက်တွင် ပြီးဆုံးခဲ့ပြီး လာမည့် သြဂုတ်လ ပထမ အပတ်တွင် နောက်တစ်ကြိမ် ဆွေးနွေးပွဲ စရန် သဘောတူ ထားကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လော်ခီးလာ ညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အဆိုတင်သွင်းသည့် NCA မူကြမ်း အတွက် ပြန်လည် သုံးသပ်လိုသည့်  အချက် ၁၃  ချက်ကို အခြေခံပြီး NCA (အတည်ပြု မူကြမ်း) ကို အချောသတ် ရန်ဆွေးနွေးညှိနှိုင်းကြခြင်းဖြစ်သည်။

အစည်းအဝေး တက်ရောက်သည့် နှစ်ဖက် ကိုယ်စားလှယ်များ အနေဖြင့် NCA အတည်ပြုမူကြမ်း အမြန်ဆုံး ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပကာ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်သွားမည်ဟု အသိပေးကြောင်းလည်း ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags