ကြားဖြတ်ရွေးကောက်ပွဲအတွက် SNLD ပါတီ မိုင်းရှူးမြို့နယ်တွင် မဲဆွယ်မှု စတင်ပြုလုပ်

ကြားဖြတ်ရွေးကောက်ပွဲအတွက် SNLD ပါတီ မိုင်းရှူးမြို့နယ်တွင် မဲဆွယ်မှု စတင်ပြုလုပ်

ဖေဖော်ဝါရီ ၄ ။               ။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ မဲဆွယ်စည်းရုံးမှုများကို ယနေ့ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း လစ်လပ်မဲဆန္ဒနယ်များအတွက် မဲပေးရမည့် မဲဆန္ဒရှင်စာရင်းအား သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် မဲစာရင်းသွားကြည့်ကြရန် ပါတီတာဝန်ရှိသူများက   နိုးဆော်ထားသည်။

“ကျွန်တော်တို့ အားလုံးက အပြောင်းအလဲကို လိုချင်ကြတယ်၊ ဒီမိုကရေစီကို လိုချင်ကြတယ်လို့ ပြောကြတယ်၊ ဒါပေမယ့် လိုချင်တဲ့ကိစ္စကို ကိုကိုယ်တိုင် ထလုပ်ရမယ့် အပိုင်းတွေရှိပါတယ်၊ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားအားလုံးဟာ တာဝန်သိသိနဲ့ အားလုံး မဲသွားပေးကြမှ၊ မပျက်မကွက် အကုန်လုံးမဲပေးကြမှသာလျှင် ကျွန်တော်တို့ လိုချင်နေတဲ့ အပြောင်းအလဲကို ရရှိနိုင်မှာပါ၊ အဲ့ကြောင့်မို့လို့ မဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုယ့်မဲစာရင်း မှန်မမှန်၊ နောက် ကိုယ့်ရပ်ကွက် ကိုယ့်ရပ်ရွာထဲမှာမရှိတဲ့ လူတွေရဲ့ မဲစာရင်းတိုးလာမလား အစရှိသဖြင့် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်မှသာလျှင် ကျွန်တော်တို့ တာဝန်ကျေရာ ရောက်မှာပေါ့  ” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး(၁) ဦးစိုင်းလိတ် က မဇ္ဈိမသို့ ပြောသည်။

SNLD အနေဖြင့် ရှမ်းပြည်နယ်အတွင်း လစ်လပ်မဲဆန္ဒနယ် ရှစ်နေရာအနက် ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) မှ လွဲ၍ ကျန်မဲဆန္ဒနယ်များ တွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 “မဲဆွယ်ကာလကတော့ ဇန်နဝါရီ ၃၀ ကနေ မတ်လ ၃၀ ထိပေါ့နော်၊ ကျွန်တော်တို့ အနေနဲ့ကတော့ ၂ ရက် ၃ ရက် နောက်ကျနေပါတယ်၊ ဒီနေ့မှစပြီး မိုင်းရှူးမြို့နယ်မှာ စဆင်းပါတယ်၊

ပထမဦးဆုံးက တော့ ကျွန်တော်တို့ မဲစာရင်းတွေကို လိုက်ပြီးကြည့်ရတယ်၊ ကူညီပေးရတာပေါ့၊ အခုထိ မဲစာရင်းတွေ စီစစ်တဲ့ကိစ္စမပြီးသေးပါဘူး၊ မဲစာရင်းတွေ မှန်ပြီဆိုတဲ့အခါကျမှပဲ ကျွန်တော်တို့ နောက်တစ်ဆင့် ဆက်ပြီးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ လစ်လပ်မဲဆန္ဒနယ်များမှာ မိုင်းရှူးပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ကျေးသီးပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) နှင့် (၂)၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) နှင့် (၂)၊ ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) တို့ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly