ပါရာဂွေးတွင် သမ္မတကို ဆန့်ကျင်သူများက လူသေဖုတ်ကောင်များအသွင် ၀တ်ဆင်ကာ ဆန္ဒထုတ်ဖော်

ပါရာဂွေးတွင် သမ္မတကို ဆန့်ကျင်သူများက လူသေဖုတ်ကောင်များအသွင် ၀တ်ဆင်ကာ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၄ ။             ။ ပါရာဂွေးတွင် သမ္မတ Horacio Cartes အား ဆန့်ကျင်သူ ရာပေါင်းများစွာက သမ္မတထောက်ခံသူများ ပြုလုပ်ထားသော ကမ်းပိန်းတစ်ခုကို ကန့်ကွက်ဆန့်ကျင်သည့်အနေဖြင့် လူသေဖုတ်ကောင် (Zombie) များအသွင် ဝတ်ဆင်ကာ သရုပ်ဖော်ဆန္ဒပြခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆန္ဒပြသူအုပ်စုက "The Walking Dead" တီဗီစီးရီး ထဲက ဇာတ်ကောင်များအတိုင်း ဝတ်ဆင်ကာ ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ယခု ဆန္ဒထုတ်ဖော်ကြသူများမှာ နိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲ နောက်တစ်ကြိမ် ပြန်ကျင်းပနိုင်ရေးတွန်းအားပေးလိုသည့် ရည်ရွယ်ချက်နှင့်အတူ ဖွဲ့စည်းပုံဥပဒေကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရန် တွန်းအားပေးကြိုးပမ်းကြခြင်းလည်းဖြစ်သည်။

အလားတူ ယခုကဲ့သို့ လူသေဖုတ်ကောင်များအသွင် ဝတ်ဆင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာမူ သမ္မတအပေါ် ထောက်ခံသူများပြုလုပ်ခဲ့သည့် ကမ်းပိန်းတစ်ခုကို ဆန့်ကျင်လို၍ ဖြစ်သည်ဟု သိရသည်။

ယင်းနိုင်ငံတွင် သမ္မတ Carte ကို ထောက်ခံသူအုပ်စုက ကွန်ဂရက်လွှတ်တော်သို့ လက်ရှိသမ္မတအားထောက်ခံထားသော လက်မှတ်များပါဝင်သည့် အဆိုပြုလွှာတစ်စောင် တင်သွင်းခဲ့ပြီး ယင်းတွင် ဆုံးပါးသွားသူ ၃၀,၀၀၀ ၏ လက်မှတ်များလည်း ပါဝင်နေသည်ဟု ယူဆရသည့်အတွက်ကြောင့် ယင်းအချက်အပေါ် လှောင်ပြောင်ကန့်ကွက်လိုသည့်အနေဖြင့် ယခုဆန္ဒထုတ်ဖော်သူများက ဖုတ်ကောင်များအသွင် ဝတ်ဆင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags