OHCHR ၏ အစီရင်ခံစာပါ အချက်များကို ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင် ကော်မရှင်မှ အမြန်ဆုံးစစ်ဆေး အရေးယူမည်

OHCHR ၏ အစီရင်ခံစာပါ အချက်များကို ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင် ကော်မရှင်မှ အမြန်ဆုံးစစ်ဆေး အရေးယူမည်
ဓါတ်ပုံ   _ OHCHR, Zaw Htay facebook

ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံး OHCHR ၏ ထုတ်ပြန်ချက်နှင့် ပတ်သတ်ပြီး အစိုးရအနေနဲ့ စိုးရိမ်ကြောင်းနှင့် အမြန်ဆုံး စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောလိုက်သည်။

ရခိုင်ပြည်နယ်မြောက်ဖက် မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဘင်္ဂလားဒေ့ချ်နိုင်ငံမှ ရွေ့ပြောင်းဝင်ရောက်လာသူ ဘင်္ဂါလီ(သူတို့အခေါ် ရိုဟင်ဂျာ) များအား ရိုက်နှက်သတ်ဖြတ်ခြင်း အပါအဝင် မူဆလင်အမျိုးသမီးများအား အဓမ္မပြုကျင့်ခဲ့ကြောင်း ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံး OHCHR က မနေ့က အစီရင်ခံစာထုတ်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဲဒီကိစ္စနဲ့ပတ်သတ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးဇော်ဌေးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာမှာ“တော်တော်ပြင်းထန်တဲ့ စွဲချက်တွေဖြစ်နေတော့ အဲဒါနဲ့ပတ်သတ်လို့ ဆိုးဆိုးရွားရွား   ပြောထားတော့ အစိုးရအနေနဲ့ တော်တော်လေး စိုးရိမ်ပူပန်မှုရှိတယ်။ အဲဒါနဲ့ပတ်သတ်လို့ အစိုးရအနေနဲ့ အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်။ ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ အမြန်ဆုံးစုံစမ်းစစ်ဆေးသွားမယ်။ ခိုင်မာထင်ရှားတဲ့ ထုတ်ပြန်မှုတွေရှိရင် သင့်လျော်တဲ့အရေးယူမှုတွေ ဆောင်ရွက်သွားမယ်” ဟုပြောသည်။

ယခုကဲ့သို့ နိုင်ငံတကာက စွပ်စွဲချက်အသစ်များ ထွက်ပေါ်နေသည့်အပေါ် ကော်မရှင်အနေဖြင့် ဘယ်နေ့ဘယ်ရက်ထိ အချိန်ယူဆောင်ရွက်သွားမည်ဆိုတာတော့ အတိအကျမပြောနိုင်သေးကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။

“စုံစမ်းစစ်ဆေးရေးကော်မရှင်က စွဲချက်နဲ့ပတ်သတ်လို့ မှန်မမှန်စုံစမ်းဖော်ထုတ်ပေးဖို့ ပြောထားတယ်။ ပထမဆုံး ကော်မရှင်သတ်မှတ်ချက်အတွင်းမှာလုပ်တယ်။ အခုစွဲချက်အသစ်တွေ ထွက်ပေါ်လာတယ်။ အဲဒီအပေါ်စုံစမ်းစစ်ဆေးမှုတွေ လုပ်မှာဖြစ်တယ်။ ရက်စွဲအတိအကျတော့ ကျွန်တော်လည်းပြောလို့မရသေးဘူး။ ဒါပေမဲ့ အမြန်ဆုံး စုံစမ်းစစ်ဆေးသွားမယ်။”

လူ့အခွင့်အရေးကော်မရှင် နာမင်းကြီးရုံး၏ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ချ်နယ်စပ်မှ ဘင်္ဂလားဒေ့ချ်ဘက်သို့ ထွက်ပြေးလာကြသော ဘင်္ဂါလီ မွတ်ဆလင် ၂၀၄ ယောက်အား   တွေ့ဆုံမေးမြန်းခဲ့ပြီး ထိုအစီရင်ခံစာအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖြေကြားသူတွေထဲမှ ၄၃% ခန့်သည် အဓမ္မပြုကျင့်ခံရကြောင်း ထွက်ဆိုကြပြီး ၃၁ % နှုန်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကြုံတွေ့ရသည်ဟုပြောကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်ရိုက်နှက်ခြင်း လူမသိသူမသိ ပျောက်ဆုံးသွားခြင်းများနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျူးလွန်ခဲ့ကြောင်း   ပြင်းပြင်းထန်ထန် ထောက်ပြပြောဆိုထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly